ငဖဲ ဒီဇင်ဘာ ၂၅
လာမည့် ၂၀၂၁ ခုနှစ်တွင် မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ဆည်ရေသောက်တောင်သူများ အနေဖြင့် နွေနှမ်းသီးနှံဧက ၁၁၅၀ စိုက်ပျိုးနိုင်ရန်အတွက် မန်းချောင်းရေလှောင်တမံဆည်နှင့်ရင်းရှည် ရေလှောင်တမံဆည်တို့မှ ဆည်ရေပေးဝေနိုင်ရေးလုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ချောင်းဖြူကျေးရွာဓမ္မာရုံနှင့် နေ့လယ်ပိုင်းတွင် ရင်းရှည်ကျေးရွာဆည်မြောင်းခန်းမ တို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ငဖဲမြို့နယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်လွင် ကဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများ၊ဆည်ရေပေးဝေနိုင်မည့် အစီအမံများနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး မင်းဘူးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးမြတ်ဇော်သိန်း နှင့်ငဖဲမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦး တို့က မန်းချောင်းရေလှောင်တမံဆည်အတွင်း ဆည်ရေဝင်ရောက်မှုနည်းပါးကြောင်း၊ ယခင်နှစ်များက ရေပိုလွှဲမှ ဆည်ရေကျော်မှုများရှိပြီး ယခုနှစ်မှာ မန်းတမံရေပိုလွှဲမှဆည်ရေ ကျော်ဖို့ရာအတွက် ပေ ၃၀ ခန့်လိုအပ်နေကြောင်း၊ယခုလက်ကျန်ရေနဲ့ ကိုက်ညီမည့် နွေသီးနှံအဖြစ် နှမ်းစိုက်ပျိုးရန်အတွက် ဌာနအနေဖြင့် ဧက ၁၀ဝ၀ ခန့်ရေပေးဝေနိုင်ရန် လျာထားထားကြောင်း၊ နွေနှမ်းရေယူမည့် ရက်၊လများကို တက်ရောက်လာကြသည့်တောင်သူများက တင်ပြဆွေးနွေး ပေးစေလိုကြောင်းပြောကြားပြီး ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုဦးစီးမှူး ဦးဇော်မင်းထွေး က နွေနှမ်းကိုမတ်လဆန်းမှာစတင်စိုက်ပျိုးမည်ဆိုပါက အောင်မြင်ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း အသီးသီး ဆွေးနွေး ပြောကြားသည်။
ထို့နောက် ဒေသခံတောင်သူများက နွေနှမ်းစိုက်ပျိုးရန်အတွက် မြောင်းလက်တံပြွန်အမှတ် အလိုက်ဆည်ရေခွဲဝေပေးပို့စေလိုကြောင်း၊ ထွန်ရေ၊ကြဲရေနှင့်နှမ်းဖြန်းရေ (၂)ကြိမ်ခန့်ဆည်ရေပေး ဝေစေ လိုကြောင်းနှင့် စတင်ရေပေးဝေရမည့်ရက်များကို တင်ပြဆွေးနွေးရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပြောကြားခဲ့သည်။
ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံဆည်မှ နွေနှမ်းစိုက်ပျိုးနိုင်ရန်အတွက် လက်ဝဲ/လက်ယာ မြောင်းမကြီး တစ်လျောက် ကျေးရွာအုပ်စု ၅ အုပ်စု ကွင်း ၁၅ ကွင်းရှိ ဧက ၁၀ဝ၀ အတွက် စိုက်ပျိုးရေကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နှင့် ရင်းရှည်ရေလှောင်တမံဆည်မှ ကျေးရွာအုပ်စု ၂ အုပ်စု ကွင်း၂ ကွင်းရှိ ဧက ၁၅၀ ကိုဖေဖော်ဝါရီ ၁ ရက်နေ့တွင် စိုက်ပျိုးရေကိုစတင်ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)


