ခေါဇာ၊ ၂၅ ဒီဇင်ဘာ
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက ခေါဇာမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခေါဇာမြို့နယ်ရှိ မကျီး - ဓနိဂျာ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်မည့်အခြေအနေ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ခေါဇာ - ကျောက်အိုင် - တရုတ်ထောက် ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တိုးတက် - သဲခုံ လမ်းပိုင်းတို့အား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအလိုက် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ တာဝန်ရှိသူများကို လမ်းညွှန်မှာကြား ခဲ့သည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စစ်ဆေးရာတွင် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့်အဖွဲ့သည် ဓနိဂျာကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ တရုတ်ထောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် သဲခုံဘုန်းတော်ကြီးကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့က ဓနိဂျာကျေးရွာရှိ ဒေသခံပြည်သူများအတွက် ဆန်အိတ် ၈၀ ၊ ဆီ ၁၃ ပုံးတို့ကိုလည်းကောင်း၊ တရုတ်ထောက်ကျေးရွာရှိ ဒေသခံပြည်သူများအတွက် ဆန် ၅ အိတ်တို့ကို လည်းကောင်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ညီညီချမ်း(ပြန်/ဆက်)


