မုံရွာ၊ ၂၅ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားများအတွက် လိုအပ်သော လက်တွန်း ထွန်စက်များ၊ မြင်းကောင်ရေ(၉၀)ရှိထွန်စက်ကြီးများနှင့် ကူဘိုတာရိတ်သိမ်း ချွေလှေ့စက်အပါအဝင် လယ်ယာသုံး စက်ကိရိယာ အစီးရေ (၁၅၄၄)စီးအား ဝယ်ယူအသုံးပြုခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကိုကိုထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေကြသော တောင်သူများ မိမိတို့ စိုက်ပျိုးထားသော သီးနှံများ အချိန်မီအောင်မြင်ဖြစ်ထွန်းစေရန် စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနမှ လယ်ယာသုံး စက်ကိရိယာများအား ပြင်ပကုမ္ပဏီများနှင့် ချိတ်ဆက်၍ အရစ်ကျငွေချေ စနစ်ဖြင့် တောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
“ တောင်သူတွေအတွက် မရှိမဖြစ်လိုအပ်လာပြီဖြစ်တဲ့ လယ်ယာသုံးစက် ကိရိယာတွေကို တတ်နိုင်တဲ့ တောင်သူတွေက လက်ငင်းငွေချေစနစ်နဲ့ ဝယ်ယူအသုံးပြုကြသလို လက်ငင်းငွေချေစနစ်နဲ့ဝယ်ယူဖို့ အဆင် မပြေတဲ့ တောင်သူတွေကိုလည်း ကျွန်တော်တို့ဌာနကပဲ လယ်ယာသုံးစက်ကိရိယာတွေ ရောင်းချပေးတဲ့ ပြင်ပကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပေးပြီး အရစ်ကျငွေချေစနစ်နဲ့ ဝယ်ယူနိုင်အောင်လို့ စီစဉ်ပေးတာဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကိုကိုက ပြောသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် လက်တွန်းထွန်စက်(၁၅၂၃)စီး၊ မြင်းကောင်ရေ(၉၀)ရှိ ထွန်စက်ကြီး(၂၀)စီးနှင့် ကူဘိုတာ ရိတ်သိမ်းချွေလှေ့စက် (၁)စီးတို့ကို စိုက်ပျိုးရေးတောင်သူများ လက်ငင်းငွေချေစနစ်ဖြင့် လည်းကောင်း၊ အရစ်ကျ ငွေချေစနစ်ဖြင့်လည်းကောင်း ဝယ်ယူအသုံးပြုခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စက်မှုလယ်ယာဦးစီးဌာနရုံး ၏မှတ်တမ်းများအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


