ဝန်းသို၊ ၂၅ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်အစပ် အောင်းပင် ကျေးရွာနှင့် ဂွေးတောက်ကျင်းကျေးရွာတို့တွင် ရှေးယခင်နတ်မြို့ဟုခေါ်ဆိုကြသော “ကျောက်မြို့ဟောင်း”သို့ ဒေသန္တရခရီးသွားရောက် လည်ပတ်နိုင်ရန်အတွက် ကျေးရွာပြည်သူများ ကိုယ့်အားကိုယ်ကိုး ဆိုင်ကယ်လမ်း ဖောက်လုပ်ပြီးစီးမှုအခြေအနေနှင့် ကုန်ထုတ်လမ်း ဖောက်လုပ်ပေးနိုင်ရေး တင်ပြလာမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်လှုပ်လဲ့ဆရာတော်၊ အောင်းပင်ဆရာတော်တို့ဦးဆောင်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အောင်းပင်ကျေးရွာရှိ “ကျောက်မြို့ဟောင်း”သို့ ဒေသန္တရခရီးသွားရောက် လည်ပတ်နိုင်ရန်အတွက် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပြည်သူများ ကိုယ့်အားကိုယ်ကိုး ဆိုင်ကယ်လမ်းဖောက်လုပ်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှု၍ အန္တရာယ်ရှိနိုင်သော အတက်အဆင်းလမ်းနေရာများ၊ အမာခံမြေမကောင်းသည့် နေရာများ၊ ပြန်လည်ပျက်စီးနိုင်သောနေရာများ၊ လူအားဖြင့်ပြန်လည်ပြင်ဆင်ရန် ခက်ခဲသည့် နေရာများကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်နှင့် စက်ယန္တရားအသုံးပြု၍ ပြန်လည် ပြင်ဆင်နိုင်ရန်အတွက် ညှိနှိုင်းတိုင်ပင် လျှောက်ထားခဲ့ကြသည်။
ထို့နောက် ဂွေးတောက်ကျင်းကျေးရွာတွင် ကျေးရွာတာဝန်ခံနှင့် အုပ်စုအုပ်ချုပ်ရေးမှူးတို့၏ ကုန်ထုတ် လမ်းဖောက်လုပ်ပေးနိုင်ရေး တင်ပြလာမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်နှင့် ကွင်းဆင်း လိုက်ပါလာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ကုန်ထုတ်လမ်းဖောက်လုပ်ရာတွင် အကျိုးပြု လယ်မြေ/ယာမြေများ၊ ကုန်ထုတ်လမ်း ဖောက်လုပ်ရာတွင်ပါဝင်မည့် လယ်ယာမြေများကို လှူဒါန်ပေးနိုင်မှု အခြေအနေနှင့် လိုအပ်မည့်တံတားများ ပါဝင်ခြင်းရှိ/မရှိတို့ကို ဒေသခံပြည်သူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ အောင်းပင်ကျေးရွာရှိ “ကျောက်မြို့ဟောင်း”သို့ ခရီးသွားပြည်သူများ ဒေသန္တရလေ့လာရေးနှင့် ဘုရားဖူး ခရီးလွယ်ကူစွာ သွားလာနိုင်ပါက ဝန်းသိုမြို့နယ်၏ ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုး တိုးတက် စေနိုင်သည့်အပြင် ဂွေးတောက်ကျင်းကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ပေးနိုင်ပါက လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်မီတင်ပို့နိုင်မည် ဖြစ်သောကြောင့် ဒေသခံကျေးရွာ ပြည်သူများအတွက် များစွာအကျိုးကျေးဇူးရရှိခံစား နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


