ရန်ကုန်၊  ၂၅  ဒီဇင်ဘာ

 

ပါးစပ်၊ နှာခေါင်းစည်းများ(Surgical Mask / Medical Use Respirator) တင်သွင်းပါက FDA ထောက်ခံချက် ရယူရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ချစ်က ပြောသည်။

 

ယခင်က COVID-19 ရောဂါအတွက် အဓိက ရောဂါကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများဖြစ်သည့် Surgical Mask / Medical Use Respirator( eg; N95/ KN-95 စသည်) များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် ဆေးပစ္စည်း တင်သွင်းခွင့်လျှောက်ထားရန် မလိုသောစာရင်း၌ ပါဝင်ခဲ့သော်လည်း ယခုအခါ အရည်အသွေး ပြည့်ဝသည့် ကာကွယ်ရေးပစ္စည်းများ အများပြည်သူ သုံးစွဲခွင့် ရရှိရေးအတွက်လည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ပိုမိုစိတ်ချရသည့် အရည်အသွေး စံနှုန်းပြည့်မီစေရန်အတွက်လည်းကောင်း Surgical Mask / Medical Use Respirator( eg; N95/ KN-95 စသည်) များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် ဆေးပစ္စည်းတင်သွင်းခွင့် ထောက်ခံချက် လျှောက်ထားရန် လိုအပ်သော ဆေးပစ္စည်းအဖြစ် ဒီဇင်ဘာ ၂၄ ရက်မှစ၍ သတ်မှတ်ကြောင်းနှင့် ထောက်ခံချက် ရရှိပြီးမှသာ တင်သွင်းဖြန့်ချိခွင့်ရှိကြောင်း သိရသည်။

 

"FDA က နဂိုကတည်းက အဲဒါတွေကို Register လုပ်ရတယ်၊ N95 တို့  KN-95 တို့လေ၊ အဲဒီ Mask တွေကိုလေ နဂိုကတည်းက ကျွန်မတို့ဆီမှာ Register လုပ်ပြီးမှ ပေးသွင်းတာ၊ ပုံမှန်က၊ ဒါပေမယ့်လေ ကိုဗစ် Pandamic ကာလမှာ ပြည်သူလူထုတွေ အချိန်နဲ့ တစ်ပြေးညီရဖို့ရယ် တအားကြီး ထိန်းချုပ်ဖို့မလွယ်ဘူး၊ လူတွေအများကြီး သုံးရမှာ ဖြစ်တဲ့အတွက်ကြောင့် အရင်တုန်းက သွင်းရမယ့် ပမာဏထက် ပိုအများကြီး သွင်းရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ ကျွန်မတို့က ဖြေလျှော့ပေးလိုက်တာ၊ ဖြေလျှော့ပေးလိုက်တော့ သူများနိုင်ငံတွေလို ပြတ်လပ်သွားတယ်ဆိုတာ မရှိဘူး၊ အကုန်လုံးတပ်ရတယ်၊ သုံးစွဲနိုင်တယ်"ဟု ဒေါက်တာခင်ချစ်က ပြောသည်။

 

ထိုသို့ ဖြေလျှော့ပေးမှုမှာ တစ်နှစ်နီးပါး ပြည့်ပြီဖြစ်ပြီး ထပ်မံဖြေလျှော့မှုများ ပြုလုပ်ပါက အတုအပ များနှင့် အရည်အသွေး မပြည့်မှုများ ဝင်လာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

 

"ဒီလို ဖြေလျှော့လိုက်လို့ရှိရင် ဖြစ်လာတဲ့ ပြသနာတွေက အတုတွေ ဝင်လာမယ်ဆိုတာ ကျွန်မတို့ သိပါတယ်၊ နဂိုကတည်းက အတုတွေ ဝင်လာမယ်၊ အရည်အသွေး မမီတာတွေ ဝင်လာမယ်၊ အဲလိုမျိုးဆို နောက်ပိုင်း ကျလို့ရှိရင် အန္တရာယ် ဖြစ်လာတော့မယ်၊ လောလောဆယ်မှာ လူတိုင်း တပ်ဖို့အတွက် အခု လူတွေက အသိလည်း ရှိသွားပြီ၊ တပ်လည်း တပ်ရတော့မယ်၊ တပ်ရတော့မယ့်အခါကျတော့ ကိုယ်တပ်တဲ့ဟာ အရည်အသွေး မှီတဲ့ဟာ ဖြစ်တော့မှဘဲ ကိုယ့်ကို ကာကွယ်တော့မယ်၊ အဲလိုဆိုတဲ့အခါကျတော့ ကျွန်မတို့က အရည်အသွေးရှိတဲ့ဟာ ပြည်သူလက်ထဲရောက်အောင် ပြန်ပြီးတော့ လုပ်ပေးလိုက်တာဖြစ်တယ်"ဟု ဒေါက်တာ ခင်ချစ် က ပြောသည်။

 

ထိုသို့ သတ်မှတ်မှသာ တရားဝင်တင်သွင်းခွင့်ရသော ကုမ္ပဏီများကို မှတ်တမ်းတင်နိုင်မည်ဖြစ်ပြီး အရည်အသွေး မပြည့်မီမှုများ ရှိလာပါက နောက်ကြောင်းရာဇဝင် လိုက်ခြင်းနှင့် အရေးယူမှုများကို အလွယ်တကူ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

ငြိမ်းငြိမ်း