ရန်ကုန်၊  ၂၅  ဒီဇင်ဘာ

 

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်သို့ ဆန်တင်ပို့မှု ထက်ဝက်ခန့် ကျဆင်းလာကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်း က ပြောသည်။

 

ယခင်က အောက်တိုဘာလဆန်းမှ ဒီဇင်ဘာ ၂၀ ရက်ထိ တရုတ်သို့ တစ်နေ့လျှင် ဆန်နှင့် ဆန်ကွဲ အိတ်ရေ ၆၀၀၀၀ ခန့် တင်ပို့နေရသော်လည်း ဒီဇင်ဘာ ၂၀ ရက် နောက်ပိုင်းမှစ၍ အိတ်ရေ ၃၀၀၀၀ သာ တင်ပို့နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

 

ထိုသို့ တရုတ်သို့ ဆန်တင်ပို့မှု ကျဆင်းလာခြင်းမှာ ၂၀၂၀ ခုနှစ်အတွက် ထုတ်ပေးထားသည့် ပါမစ်လက်ကျန်နှင့် မူဆယ်ရှိ ဆန်လက်ကျန်များသာ တင်ပို့နေရသောကြောင့်ဖြစ်သည်။

 

“တရုတ်ပြည်က ထုတ်ပေးထားတဲ့ ၂၀၂၀ ပါမစ်က ဒီဇင်ဘာ ၃၁ ရက်ဆို ကုန်ဆုံးပြီ၊ ဒါ့ကြောင့် အခုလောလောဆယ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီမှာ ဗမာပြည်မှာရှိတဲ့ လက်ကျန်ဆန်နဲ့ လက်ကျန်ပါမစ်တွေကို အရသွင်းနေရတဲ့အတွက် အောက်ဗမာပြည်က ဆန်တွေကတော့ သိပ်မသွားသလောက် ဖြစ်သွားပြီ၊ ဘာဖြစ်လို့လည်းဆိုတော့ မူဆယ်မှာ လက်ကျန်ရှိနေတာကိုး၊ မူဆယ်မှာ လက်ကျန်ရှိတဲ့ ဆန်တွေကို အဲဒီပါမစ်နဲ့အကိုက်ပဲ၊ တရုတ်ပြည်ကို သွင်းနေရတဲ့အတွက် ဗမာပြည်ကနေ တင်တာကျသွားတယ်” ဟု ဦးမင်းသိန်း က ပြောသည်။

 

ဆန်ကွဲဈေးမှာလည်း တင်ပို့သည့် ကုန်ကားခဈေးကြီးခြင်း၊ ငွေဈေးကျခြင်းတို့ကြောင့် ဈေးနှုန်းအနည်းငယ် ကျဆင်းကြောင်း၊ သို့သော် တရုတ်ပြည်သို့ နေ့စဉ် ဆန်နှင့် ဆန်ကွဲအိတ်ရေ ၃၀၀၀၀ တင်ပို့နေရကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်ထံမှ သိရသည်။

 

လက်ရှိ တရုတ်သို့တင်ပို့သည့် ဆန်ဈေးနှုန်းမှာလည်း မူဆယ်အထိုင်ဈေးမှာ ဆန်ကွဲ ၅၀ ကီလို တစ်အိတ်လျှင် ၁၂၈ ယွမ်၊ သုခဆန် ၅၀ ကီလို တစ်အိတ်လျှင် ၁၃၆ ယွမ်နှင့် ငစိန်ဆန် ၅၀ ကီလို တစ်အိတ်လျှင် ၁၃၇ ယွမ် ရှိကြောင်း  မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။

 

တရုတ်နိုင်ငံအနေဖြင့် လာမည့် ၂၀၂၁ ခုနှစ်အတွက် ပါမစ်အသစ်များကိုလည်း ဇန်နဝါရီလထဲတွင် ချထားပေးမည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်ထက် ကုမ္ပဏီများကို ပါမစ်များ ပိုမို ချထားပေးနိုင်ကြောင်း ဆန်ကုန်သည်များက ခန့်မှန်းထားသည်။

 

“ဆန်တင်ပို့မှုက တရုတ်အစိုးရကနေ တရုတ်ကုမ္ပဏီတွေကို ပြီးခဲ့တဲ့ ၂၀၂၀ က ကုမ္ပဏီ ၁၅ ခုပဲ ထုတ်ပေးတယ်၊ အခု ၂၀၂၁ မှာ ကုမ္ပဏီ အခု ၅၀ လောက် ထုတ်ပေးမယ်လို့ ကြားထားတယ်၊ ဘာမှအတည်ပြုချက်တော့ ထွက်မလာသေးဘူး၊ ဒါဆိုရင်တော့ ပြီးခဲ့တဲ့ ၂၀၂၀ ထက် သုံးဆလောက် ပိုသွားမယ်လို့ ယူဆရတယ်၊ တကယ့်တကယ် ဖွင့်ပေးမယ်ဆိုရင်ပေါ့၊ ပါမစ် ကုမ္ပဏီ ၅၀ လောက်ကို ချပေးမယ်ဆိုရင်တော့ နယ်စပ်ကုန်သွယ်ရေးက ယခင်နှစ်တွေထက်ပိုပြီး တိုးတက်သွားမယ်၊ ဆန်အရောင်းအ၀ယ် ပိုပြီးတော့ ဖွံ့ဖြိုး တိုးတက်လာမယ်” ဟု ဦးမင်းသိန်း က ပြောသည်။

 

လက်ရှိ မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဇုန်မှာ လေးခုဖွင့်လှစ်ထားပြီး ယင်းမှာ ရှမ်းပြည်နယ်တွင် မူဆယ် (၁၀၅ မိုင်) နှင့် ချင်းရွှေဟော်၊ ကချင်ပြည်နယ်တွင် ကန်ပိုက်တီးနှင့် လွယ်ဂျယ်တို့ဖြစ်ပြီး မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သည် ကုန်သွယ်မှု အများဆုံးဖြစ်ကြောင်း သိရသည်။

 

ငြိမ်းငြိမ်း