ရန်ကုန် ၊  ၂၅   ဒီဇင်ဘာ

မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာကျရာ ရန်ကုန်မြို့တွင် COVID-19 ရောဂါကိုရင်ဆိုင်ရာ၌ မြို့ပြစီးပွားရေးပြန်လည် ဦးမော့ရန် ခြေလှမ်းတစ်ရပ်ဖြစ်သော ရန်ကုန်မြစ်ပြင်အပျော်စီး သင်္ဘောခရီးသွားဝန်ဆောင်မှုကို ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့တွင် ရောဂါကာကွယ်ရေး စည်းကမ်းနှင့်အညီ ကန့်သတ်ဦးရေဖြင့် အပန်းဖြေခရီးစဉ်ကို ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

 

ယနေ့ခရစ္စမတ်နေ့ ခရီးစဉ်ပြေးဆွဲရာ၌ နံနက် ၈ နာရီမှ ၁၀ နာရီထိတစ်ကြိမ်၊ ညနေ ၄ နာရီမှ ၇ နာရီထိတစ်ကြိမ် တစ်ရက်နှစ်ကြိမ်ဖြင့် တစ်ကြိမ်လျှင် ခရီးသွား ၃၀ တင်ဆောင်ကာ ပြေးဆွဲခြင်းဖြစ်သည်။

 

“အခုလိုခရီးသွားရာသီမှာ ကိုဗစ်-၁၉ ရောဂါကိုလည်း သတိပြုပြီးသွာလာရမှာပါ။ စည်းကမ်းရှိရှိ တာဝန်သိသိနဲ့ မိမိကြောင့် ရောဂါကူးစက်မှု မဖြစ်ရဘူးဆိုတဲ့ အသိစိတ်နဲ့ မိမိကိုယ်တိုင်လည်း ကာကွယ်ရင်း ခရီးသွားရမှာပါ။ အဲ့ဒီလို သွားမယ်ဆိုရင် ထိန်းချုပ်မှုရှိပြီး ပြည်တွင်းခရီးသွား ပြန်လည်ဦးမော့လာမှာပါ။ မိမိနေချင်သလိုနေပြီး ရောဂါကူးစက်မှု ဖြစ်ခဲ့ရင် ခရီးသွားလုပ်ငန်း ပြန်လည်ရပ်တန့်သွားနိုင်ပါတယ်။ အားလုံးရဲ့အကျိုးစီးပွားလည်း ထိခိုက်နိုင်တယ်။ စည်းကမ်းလိုက်နာပြီး ခရီးသွားလာမှုကို ဖော်ဆောင်လိုတဲ့အတွက် အခုလိုစီစဉ်တာပါ။ မကြာခင်ကာလမှာ ကုန်းလမ်းခရီးစဉ်တွေကိုလည်း စနစ်တကျ ဆောင်ရွက်သွားဖို့ရှိပါတယ်”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းက ပြောသည်။

 

“ကိုဗစ်ရောဂါကြောင့် နေအိမ်အတွင်းမှာနေထိုင်နေရတဲ့ ရန်ကုန်မြို့ခံပြည်သူတွေ အခုလိုကန့်သတ်ဦးရေနဲ့ လေကောင်းလေသန့်ကိုရှုပြီး မြစ်ပြင်အလှကိုကြည့်ရှုခံစားနိုင်တဲ့အတွက် ကိုးလတာ မွန်းကြပ်မှုတွေ ပြေပျောက်သွားမှုအပေါ် ဝမ်းသာမိပါတယ်။ အပျော်စီးခရီးစဉ်တွေ ရပ်နားထားတာ ရောဂါစဖြစ်ကတည်းကဆိုတော့ အခုလိုအများပြည်သူ ပျော်ရွှင်ကြည်နူးတာကို တွေ့မြင်ရတာ ကျွန်တော်တို့လည်း ပီတိဖြစ်မိပါတယ်” ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး(ရန်ကုန်)၊ ALEXANDEA CRUISE နှစ်ထပ်သင်္ဘောမှ ကပ္ပတိန်ဦးဇော်မင်းနိုင်က ပြောသည်။

 

လက်ရှိတွင် ရောဂါအခြေအနေကြောင့် ရန်ကုန်မြစ်အတွင်း အပန်းဖြေခရီးစဉ်များကို ရပ်နားထားရာ မြို့ပြနေပြည်သူများ မွန်းကြပ်မှုကို ဖြေလျော့နိုင်စေရန်နှင့် ကိုဗစ်နှင့်ယှဉ်၍ ခရီးသွားလုပ်ငန်းများတွင် ပြည်သူတို့အနေဖြင့် တစ်ကိုယ်ရေ ရောဂါကာကွယ်ထိန်းချုပ်ရေးကို လိုက်နာခြင်းဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည်အသက်ဝင်ရန် စမ်းသပ်ဆောင်ရွက်ခြင်း ဖြစ်သည်။  မြစ်တွင်းအပန်းဖြေ ခရီးစဉ်အပြင် တွံတေးမြို့ထိမြစ်ပြင်အလှကို ကြည့်ရှုနိုင်မည့် ခရီးစဉ်ကိုလည်း နှစ်သစ်ကူးအမီ စီမံဆောင်ရွက်လျက်ရှိပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးကို ခရီးသွားများ လိုက်နာမှုရရှိပါက ကုန်းလမ်းအပန်းဖြေ ခရီးစဉ်များကိုလည်း တိုးချဲ့ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိကြောင်း၊   ရန်ကုန်မြို့၏ ခရီးသွား လုပ်ငန်းပြန်လည်ရှင်သန်ရန် အသင်းအဖွဲ့များ ဝိုင်းဝန်းလက်တွဲမှုနှင့်အတူ ခရီးသွားပြည်သူတို့ အနေဖြင့် ကျန်းမာရေးသတ်မှတ်စည်းကမ်းကို လိုက်နာမှသာ ပြည်တွင်းခရီးသွား လုပ်ငန်းများပြန်လည် ရှင်သန်မည်ဖြစ်ရာ ထိုလမ်းကြောင်းပေါ်သို့ ရောက်ရှိရန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

“အိမ်ထဲမှာ နေတာကြာတော့ အခုလိုလေကောင်းလေသန့် ရှူရတာ စိတ်ပေါ့ပါးမှုကို ခံစားရတယ်။ ကိုဗစ်ရောဂါ မကျသေးဘူးဆိုတော့ သတိတော့ထားရတာပေါ့်နော်။ တစ်ဦးနဲ့တစ်ဦး လေးစားတဲ့အနေနဲ့ နှာခေါင်းစည်းတွေ တပ်ဖို့လိုမယ်။ မိမိကိုယ်ကိုယ် သံသယရှိရင်အပြင်မထွက်ဘဲ ကာ ကွယ်မှုလုပ်မယ်ဆိုရင် ပတ်ဝန်းကျင်အတွက်လည်း ကောင်းသွားတာပေါ့နော်။ မွန်းကြပ်မှုတွေလျော့သွားတာတော့ အမှန်ပဲ။ ကန့်သတ်ဦးရေနဲ့ သွားလာတာဆိုတော့ပိုပြီး စိတ်လက်ပေါ့ပါးမှုကို ခံစားရပါတယ်”ဟု ခရီးသွားဦးမျိုးကိုက ပြောသည်။

 

ဒီဇင်ဘာ ၂၅ ရက်မှ ၂၇ ရက်နေ့ထိ တစ်ရက်နှစ်ကြိမ်ပြေးဆွဲလျက်ရှိပြီး သင်္ဘောတစ်စင်းလျင် ခရီးသွား ၃၀ သာ လက်ခံမည်ဖြစ်ရာ လူဦးရေနည်းသည့်အတွက် အကျိုးအမြတ်ထက် ပြည်တွင်းခရီးသွား ပြန်လည်ဦးမော့ရန် ကြိုးစားခြင်းဖြစ်၍ လူဦးရေကန့်သတ်ပြေးဆွဲခြင်းဖြစ်သည်။

 

လက် ရှိပြေးဆွဲမှုအောင်မြင်ပါက အခြားသော အပျော်စီးသင်္ဘောများလည်း ပြေးဆွဲနိုင်ရန် စောင့်ဆိုင်းလျက်ရှိပြီး  တွံတေးတူးမြောင်းကျော်ပါက ဧရာဝတီတိုင်းဒေသကြီး ဧရိယာသို့ ဝင်ရောက်ခြင်းဖြစ်ရာ ကမ်းပေါ်တက်၍ မရသော်လည်း မြစ်ပြင်အလှကြည့်ရှု ခံစားနိုင်သော နာရီပိုင်းအပန်းဖြေ ခရီးစဉ်အပြင် ညအိပ်ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲနိုင်ရန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

သန်းထိုက်

ဓာတ်ပုံ-သန်းစိုး