နေပြည်တော်၊ ၂၅ ဒီဇင်ဘာ
ကိုရီးယားသမ္မတနိုင်ငံနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ ပါးစပ်နှင့်နှာခေါင်းစည်း (mask) များနှင့် လူနာတင်ယာဉ်များ လှူဒါန်းမှုအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်းတွင် ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး နေပြည်တော်မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားရာတွင် ယခုကဲ့သို့ လှူဒါန်း မှုများအား ကိုဗစ်-၁၉ ကုသရေးဌာနများနှင့် ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေး ဝန်ထမ်းများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်နေသော ပြည်သူ့ ကျန်းမာရေးပညာရှင်များ၏ ကိုယ်စား လက်ခံခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ခံရသူ လူနာများအပါအဝင် အားလုံး၏ကိုယ်စား ကျေးဇူးတင်စကား ပြောကြားလိုပါကြောင်း၊ လှူဒါန်းမှုများသည် ကုသရေးလုပ်ငန်းများအတွက်သာမက ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက်ပါ အကျိုးရှိစေမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အတိုင်းအတာကို ပိုမိုမြင့်မားစေမည် ဖြစ်ပါကြောင်း။
ကိုရီးယားသမ္မတနိုင်ငံ၏ တောင်ဘက်ပိုင်းမူဝါဒအသစ်ကို ထပ်ဆောင်းမြှင့်တင်ထားသည့် new southern policy plus နည်းဗျူဟာနှင့်အညီ မိမိတို့နိုင်ငံအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံနှင့် ပူးပေါင်းလက်တွဲကာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ပါးစေရေး၊ လူမှုစီးပွားရေးကဏ္ဍများ ပုံမှန်ပြည်လည် လည်ပတ်ရေးနှင့် မူဝါဒ၏ အဓိကအချက်ဖြစ်သော ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလတွင် ကျန်းမာရေး ဆိုင်ရာ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးတို့ကို လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ စီးပွားရေး တောင့်တင်း ခိုင်မာပါက ကျန်းမာရေးအပါအဝင် ကဏ္ဍအသီးသီးလည်း တစ်ပါတည်း မြင့်မားလာမည်ဖြစ်ပါ ကြောင်း။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူ၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ မူဝါဒနှင့် လမ်းညွှန်ချက်များပေးအပ်ကာ ဝန်ကြီးဌာနအသီးသီးက လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကိုဗစ်-၁၉ သည် ကမ္ဘာတွင် အပြီးသတ် ပျောက်ကွယ်သွားမည်မဟုတ်ဘဲ ကူးစက်မှုပမာဏ၊ ကူးစက်မှု ကာလအတိုင်းအတာ အနည်းအများနှင့် ရောဂါအပြင်းအပျော့တို့သာ ကွာခြားပြီး လများစွာ ရှိနေဦးမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို အရှိန်လျှော့ချမည် မဟုတ်ဘဲ ရောဂါကာကွယ်ရေး စည်းကမ်းများကိုလည်း ဆက်လက်လိုက်နာကြရမည်ဖြစ်ပါကြောင်း။
ယခင်ကလည်း ကိုရီးယားသမ္မတနိုင်ငံအစိုးရ၊ KOICA၊ KOFIH၊ ASEAN-Korea Fund၊ ကိုရီးယားနိုင်ငံမှ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ မြန်မာနိုင်ငံတွင် နေထိုင်သည့် ကိုရီးယား နိုင်ငံသားများစသည်တို့က မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့ရာ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၃ ဒသမ ၂) သန်းကျော်ရှိပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှု၊ ပြည်တွင်း/ ပြည်ပ အလှူရှင်များ ယခုကဲ့သို့ လှူဒါန်းမှုများကြောင့် ကိုဗစ်-၁၉ လူနာများအား ဓာတ်ခွဲစစ်ဆေးခြင်း၊ ဆေးရုံများ၌ကုသမှုပေးခြင်းနှင့် အသွားအလာကန့်သတ်နေရာများ၌ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဘက်စုံမှ ပံ့ပိုးပေးလျက်ရှိသည့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတ၏ စီးပွားရေးဆိုင်ရာ အကြံပေးနှင့် တောင်ဘက်ပိုင်းဆိုင်ရာ မူဝါဒ ဆိုင်ရာ သမ္မတ၏ ကော်မတီ (Presidential Committee on New Southern Policy) ဥက္ကဋ္ဌ Mr. Park Bokyeong က ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်း နေထိုင်သူများ၏ လူနေမှုဘဝကို များစွာ ပြောင်းလဲစေခဲ့ပါကြောင်း၊ ကိုးရီးယားသမ္မတနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်တိုက်ရာတွင် (၁) ပြည်သူများနှင့်အတူ ကျော်လွှားခြင်း၊ (၂) အသွားအလာ ပိတ်ပင် တားမြစ်ခြင်း မပြုလုပ်ဘဲ သတ်မှတ်စည်းကမ်းများနှင့်အတူ သွားလာလုပ် ကိုင်ခွင့်ပြုခြင်း၊ ပွင့်လင်းမှုရှိစွာ ဆောင်ရွက်ခြင်း၊ (၃) ရောဂါဖြစ်ပွားမှုအခြေအနေကို ပွင့်လင်းမြင်သာစွာချပြပြီး အစိုးရ၏လုပ်ဆောင်မှုကို ယုံကြည်မှုရအောင်ဆောင်ရွက်ခြင်း အချက် (၃)ခုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
မိမိအနေဖြင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံသည်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်လမ်းညွှန်မှု အောက်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ၂၀၁၇ ခုနှစ် တွင် ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတကြီး Mr Moon-Jae-in က မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှနိုင်ငံများ အသင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန်အတွက် New Southern Policy ကို ထုတ်ပြန်ဆောင်ရွက်ခဲ့ပါကြောင်း။
ထို့ပြင် ယခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အတွက် လုပ်ငန်းကဏ္ဍ (၇) ရပ်ပါဝင်သော New Southern Policy Plus ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ မူဝါဒသစ်၌ ကျန်းမာရေးကဏ္ဍတွင် ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ရန်ဟု ပါရှိပြီး ကိုရီးယားအစိုးရ အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ကုသရေးလုပ်ငန်းအထောက် အကူပြုပစ္စည်း Rapid Antigen test များကို ယခုကဲ့သို့ ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း။
ထို့ပြင် ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ အထောက်အပံ့များကိုလည်း ပေးအပ်သွားရန်ရှိပါကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကိုရီးယား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာ အားကောင်းလာခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအစပိုင်းတွင် မြန်မာနိုင်ငံရှိ စက်မှုဇုန်တွင် ထုတ်လုပ်နေသော တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးပစ္စည်း (PPE) များကို ကိုရီးယားသမ္မတနိုင်ငံသို့ တင်ပို့သယ်ဆောင် နိုင်ခဲ့ပါကြောင်း။
ထို့ပြင် မြန်မာနိုင်ငံသို့ရောက်ရှိနေသော ကိုရီးယားနိုင်ငံသားများ ကိုရီးယားနိုင်ငံသို့ ဘေးကင်းစွာ ပြန်နိုင်ရေး အတွက် မြန်မာနိုင်ငံအစိုးရမှ ကူညီပေးခဲ့ပါကြောင်း၊ ကိုရီးယားသမ္မတ နိုင်ငံအစိုးရအဖွဲ့၊ ကုမ္ပဏီများနှင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နေသော ကိုရီးယားလူမျိုးများက စေတနာအလျောက် ကိုဗစ်-၁၉ ကာကွယ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများကို ယခုလိုလှူဒါန်းရခြင်းကို ဝမ်းမြောက်ဂုဏ်ယူပါ ကြောင်းနှင့် မြန်မာစကားပုံ တစ်ခုဖြစ်သည့် "တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား" ဆိုသည်နှင့် အညီ ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ကိုဗစ်-၁၉ ကပ်ရောဂါကို အတူတကွ ကျော်ဖြတ်ကြပါစို့ဟု ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျေးဇူးတင်စကားပြောကြားရာတွင် ယခုကဲ့သို့ လှူဒါန်းမှုများ၊ အားပေးထောက်ပံ့မှုများသည် မိမိတို့နိုင်ငံအတွက် များစွာအကျိုးရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေချိန်တွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို မထိခိုက်စေရေးအတွက်လည်း အလေးထားကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါကြုံတွေ့နေသည့် အချိန်ကာလတွင် ကိုရီးယားသမ္မတနိုင်ငံ၏ ချစ်ကြည်ရင်းနှီးစွာ ပံ့ပိုးမှုများအတွက် မိမိတို့ နိုင်ငံသားများအားလုံး၏ ရင်ထဲတွင် အမှတ်ရ ကျေးဇူးတင်ရှိ နေမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Hai Kyung Jun က ပြောကြားရာတွင် ယခုကဲ့သို့ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ KF94 ပါးစပ်နှင့် နှာခေါင်းစည်း (KF94 mask) များ ပါဝင်လှူဒါန်းခွင့်ရရှိသည့်အပေါ် ဝမ်းမြောက်မိပါကြောင်း၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအနေဖြင့် မြန်မာနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းလုံးတွင် စုပေါင်းအင်အားများဖြင့် စုစည်းပူးပေါင်းကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင်လည်း သက်ဆိုင်ရာကဏ္ဍမှ ဆက်လက်၍ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် Mr. Park Bokyeong၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံအမတ်ကြီး မစ္စတာလီဆန်းဟွာနှင့် Ms. Hai Kyung Jun တို့က တန်ဖိုး အမေရိကန်ဒေါ်လာ (၂၇၉,၃၆၁) ရှိ KF94 ပါးစပ်နှင့်နှာခေါင်းစည်း (KF94 mask) (၄၁၆,၉၅၈) ခုအား ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်ထံသို့ လွှဲပြောင်းပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ Korean Association ၏ ကိုယ်စားလှယ် Mr. Chun Sung Ho နှင့် တာဝန်ရှိသူများက အရေးပေါ်လူနာတင်ယာဉ် (၅) စီးကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ထံသို့ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


