ပခုက္ကူ၊  ၂၆  ဒီဇင်ဘာ

ပခုက္ကူခရိုင်နှင့် မြို့နယ်တရားရုံးများတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်းမှုခင်း စီမံခန့်ခွဲမှုအစီအစဉ်ဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပခုက္ကူခရိုင် တရားသူကြီး ဦးကျော်လှိုင်ထံမှ သိရသည်။

နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်(NCMP)ဆောင်ရွက်ရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ မှုခင်းများတွင် အငြင်းပွားမှုများကို မျှတစွာဖြေရှင်းရန်၊ မှုခင်းများကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေးစီရင်နိုင်ရန်၊ အမှုလက်ကျန်များနှင့်ကြန့်ကြာနေသည့် မှုခင်းများလျှော့ချရန်၊ တရားရုံးများအပေါ်ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို မြှင့်တန်ရန်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် တရားစွဲ အဖွဲ့အစည်းများနှင့် ဒီဇင်ဘာ ၂၃ ရက်က တွေ့ဆုံစဉ် ပခုက္ကူခရိုင်တရားသူကြီး ဦးကျော်လှိုင်က ရှင်းပြသည်။

 မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အရ တရားစွဲဆိုလာသော ရာဇဝတ်မှုနှင့်တရားမ မှုများကို မစစ်ဆေးမီအမှုတွင် စစ်ဆေးမည့်သက်သေများ၊ တင်ပြလိုသည့် စာရွက်စာတမ်းများကို ပြည့်စုံစွာကြိုတင်ပြင်ဆင်၍ မည်သည့်သက်သေ ၊မည်သည့်စာရွက်စာတမ်းကို မည်သည့်နေ့ရက်များတွင် တင်ပြစစ်‌ဆေးနိုင်မည်ကို နှစ်ဖက်အမှုသည်များ ရှေ့နေများနှင့် ကြိုတင်ညှိနှိုင်း အချိန်ဇယား သတ်မှတ်ပြီး သတ်မှတ်သည့်အချိန်ဇယားအတိုင်း အားလုံးလိုက်နာကာ စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရာဇဝတ်မှုဖြစ်စေ၊ တရားမမှုဖြစ်စေ အလျင်အမြန်ဆောင်ရွက်ရမည့် အမှု၊ရိုးရှင်းသောအမှု၊ ရှုပ်ထွေးသောအမှုဟူ၍ အမျိုးအစားခွဲခြားပြီး သတ်မှတ်ရက်၊ လအတွင်းအပြီး စစ်ဆေးနိုင်ရန် အချိန်စံနှုန်းများချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ဖြင့် မကွေးတိုင်းဒေသကြီးအတွင်း ပခုက္ကူခရိုင်နှင့် ပခုက္ကူမြို့နယ် တရားရုံး၊ ဂန့်ဂေါခရိုင်နှင့် ဂန့်ဂေါမြို့နယ် တရားရုံးများတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကစ၍ ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုဇော်(ပြန်ဆက်)