ဝမ်းတွင်း၊ ၂၆ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၆၀) စက်မှုလယ်ယာစခန်းမှ ကောက်ရိုးထုံးစက်နှင့် ရိုးပြတ်ခုတ်စက်သရုပ်ပြပွဲကို ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက ကွင်းအမှတ် (၁၄၆၁၊ လိပ်တက်အရှေ့ကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သရုပ်ပြပွဲတွင် စက်မှုလယ်ယာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဌေး က လယ်ယာကဏ္ဍ ခေတ်မှီဖွံ့ဖြိုးတိုးတက်စေရန်၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရေးကိုဦးတည်ပြီး ကောက်ရိုးထုံးစက်နှင့် ရိုးပြတ်ခုတ်စက် သရုပ်ပြပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း၊ တောင်သူများအနေနဲ့ အဆင့်မြှင့်လယ်ယာသုံးစက်ကိရိယာများကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲတက်စေရန်၊ ခေတ်မှီသောစက်ကိရိယာများကို သုံးစွဲလာခြင်းဖြင့် လေလွှင့်ဆုံးရှုံးမှုနည်းပါးပြီး အချိန်ကုန်သက်သာကာ အကျိုးဖြစ်ထွန်းမှုများခြင်း၊ ကောက်ရိုးထုံးစက်နှင့် ရိုးပြတ်ခုတ်စက်များကို သုံးစွဲခြင်းဖြင့် ရိတ်သိမ်းခြွေလှေ့စက်ဖြင့်ရိတ်သိမ်းပြီး ကျန်ရှိနေသော ကောက်ရိုးများကို ပြန်လည်ထုံးစေကာ နွားစာ၊ ပျော့ဖက်၊ မြေဆွေးအဖြစ် အသုံးချနိုင်ခြင်း၊ လယ်ကွင်းအတွင်း ရိုးပြတ်များကျန်ရှိခြင်းမရှိ၍ နောက်ရာသီထယ်ရေးပြုလုပ်ရာတွင် အဆင်ပြေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
အဆိုပါ သရုပ်ပြပွဲသို့ စက်မှုလယ်ယာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဌေးနှင့် ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်နှင့် ဝန်ထမ်းများ၊ အမှတ်(၂) လယ်ယာသုံးသုတေသန အလုပ်ရုံမှ ဦးစီးအရာရှိ ဦးရဲကျော်စိုးနှင့် ဝန်ထမ်းများ၊ အမှတ်(၆၀) စက်မှုလယ်ယာစခန်းမှ ဦးစီးအရာရှိ ဦးအောင်ဝင်းနှင့် ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)


