ဂန့်ဂေါ၊  ၂၆  ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် နေကြာကို မိုးစပါးအပြီး၌ စိုက်ပျိုးကြပြီး သီးသန့်စိုက်ခင်းဖြင့် စိုက်ပျိုးသူများရှိသကဲ့သို့ ထောပတ်ပဲခင်းများတွင် သီးညှပ်အဖြစ်လည်း စိုက်ပျိုးကြကြောင်း သိရသည်။

 

“နေကြာစိုက်ပျိုးလာတာ ၁၀ နှစ်ကျော်ပါပြီ၊ အရင်က ဆောင်းသီးနှံအဖြစ် ထောပတ်ပဲ တစ်မျိုးတည်းကိုသာ စိုက်ပျိုးခဲ့တာပါ၊ အခုထောပတ်ပဲခင်းမှာ နေကြာညှပ်စိုက်တယ်၊ ထောပတ်ပဲ ၅ တန်း၊ နေကြာတစ်တန်း စနစ်နဲ့ပါ၊ ပဲလဲအထွက်မလျော့ဘူး၊ နေကြာလဲရတယ်၊ နေကြာသီးသန့်ကိုတော့ စပါးပြီးတဲ့အခါ လယ်မြေမှာသီးထပ်အဖြစ် စိုက်ပျိုးသွားမှာပါ” ဟု တောင်သူတစ်ဉီးက ပြောသည်။

 

ဂန့်ဂေါမြို့နယ်၌ နေကြာကို ၂၀၁၈ ခုနှစ်တွင် ၄၀၂၅ ဧက၊  ၂၀၁၉ ခုနှစ်တွင် ၄၄၈၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် ၃၂၉၀ ဧက စိုက်ပျိုးပြီးဖြစ်ကာ မိုးစပါးပြီးပါက ဆက်လက်စိုက်ပျိုးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

နေကြာတစ်ဧကစိုက်လျှင် ငွေကျပ် ၂ သိန်းကျော်သာ ကုန်ကျစရိတ်ရှိ၍ တစ်ဧကအထွက်နှုန်း တင်း ၅၀ ကျော်ရှိကြောင်း၊ နေကြာတစ်တင်းကို ကြိတ်ခွဲလျှင် ဆီ လေးပိဿာခွဲထွက်ရှိကြောင်း၊ နေကြာဆီတစ်ပိဿာလျှင် ကျပ် ငါးထောင် ပေါက်ဈေးရှိကြောင်း သိရသည်။

 

ဂန့်ဂေါမြို့နယ်တွင် နေကြာကို လွန်ခဲ့သည့် ၁၆ နှစ်ကာလမှ စတင်စမ်းသပ်စိုက်ပျိုးခဲ့ကြပြီး ဆန်ဖိုလာ နေကြာကို စိုက်ပျိုးသူများပြားကာ ရေဆင်းစပ်မျိုး(၁)ကို စိုက်ပျိုးသူလည်းရှိကြောင်း သိရသည်။

 

တောင်သားမောင်သန်း