ပခုက္ကူ၊  ၂၆  ဒီဇင်ဘာ

 

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ညောင်ပင် - ကျည်းပင်ခုံကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးဧက ၄၄၀ ကျော် အကျိုးပြုဖြစ်ထွန်းမည့် ကုန်ထုတ်လမ်းတစ်လမ်း ဖောက်လုပ်ပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် မူလခွင့်ပြုငွေကျပ် ၂၆ သန်းဖြင့် ပခုက္ကူမြို့နယ် ညောင်ပင်-ကျည်းပင် ခုံကျေးရွာတွင် အရှည် တစ်မိုင်တစ်ဖာလုံနှင့် အကျယ် ၁၂ ပေရှိသည့် (မြေနီကျောက်စရစ်ခင်း) ကုန်ထုတ်လမ်း တစ်လမ်းကို တင်ဒါအောင်မြင်သည့် Development Way ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ဖောက်လုပ်ပေးလျက်ရှိပြီး လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေးများနှင့်ကိုက်ညီအောင် ဆောင်ရွက်ထားရှိမှုရှိ/မရှိ အခြေအနေတို့ကို ပခုက္ကူမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်း၊ ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇာဝင့်နှင့် ဝန်ထမ်းများက ဒီဇင်ဘာ ၂၅ ရက် နေ့လယ် ၁၁ နာရီတွင် ကွင်းဆင်းစစ်ဆေးကြပြီး လုပ်ငန်းကာလ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး နည်းပညာဆိုင်ရာ လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးကြကြောင်း သိရသည်။

 

 

ကုန်ထုတ်လမ်းဖောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကျေးရွာများရှိ ကျေးလက်နေတောင်သူ ၈၅ ဦး၏ စိုက်ပျိုး မြေဧက ၄၄၀ အတွက် အကျိုးပြုဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။

 

 

ဆလိုင်းကိုကီး(ပြန်/ဆက်)