မက်ဒရစ် ၊ ၂၆ ဒီဇင်ဘာ 

စပိန်နိုင်ငံသည် ၎င်း၏ပထမဦးဆုံးသော Pfizer-BioNTech ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကာကွယ်ဆေးထိုးနှံရန် စီစဉ်ထားသည့် ရက်မတိုမီ တစ်ရက်အလို ဒီဇင်ဘာ ၂၆ ရက်တွင် လက်ခံရရှိခဲ့သည်။

အဆိုပါ ကာကွယ်ဆေးကို အအေးခန်းစနစ်တပ်ဆင်ထားသော ထရပ်ကားတစ်စီးဖြင့် ဘယ်လ်ဂျီယံနိုင်ငံ အရှေ့မြောက်ဘက် ပူးရ်စ်မြို့ရှိ  Pfizer ဆေးဝါးကုမ္ပဏီ၏ စက်ရုံမှ သုံးရက်ကြာ သယ်ဆောင်လာခဲ့ပြီးနောက် စပိန်နိုင်ငံအလယ်ပိုင်း ဂွါဒါလာဂျာရာမြို့ရှိ Pfizer ဆေးဝါးကုန်လှောင်ရုံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း စပိန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ 

အဆိုပါ ကာကွယ်ဆေးကို ပြန်လည်ထုပ်ပိုးခဲ့ပြီးနောက် ဒီဇင်ဘာ ၂၇ ရက်တွင် ထိုးနှံရန်စီစဉ်ထားသည့်အတိုင်း ကာကွယ်ဆေးထိုးနှံမှု စတင်နိုင်ရန်အတွက် စပိန်နိုင်ငံရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေါင်း ၁၇ ခုသို့ ဖြန့်ဖြူး သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံပြောကြားသည်။

စပိန်နိုင်ငံသည် လာမည့်သီတင်းပတ် ၁၂ ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၄ ဒသမ ၅ သန်းခန့် ထပ်မံရရှိမည်ဖြစ်ရာ ပြည်သူ ၂ ဒသမ ၃ သန်းကျော် ထိုးနှံရန်အတွက် လုံလောက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

စပိန်အစိုးရသည် ၎င်း၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဘိုးဘွားရိပ်သာများ၌ နေထိုင်သူများနှင့် ဘိုးဘွားရိပ်သာဝန်ထမ်းများကို ပထမဦးစားပေးထိုးနှံပေးပြီး နောက်ပိုင်းတွင် ကျန်းမာရေးဝန်ထမ်းများနှင့် သက်ကြီးပိုင်းများနှင့် နာတာရှည်ရောဂါဝေဒနာရှင်များကဲ့သို့သော အားနွဲ့သူများကို ဆက်လက်ထိုးနှံပေးရန် စီစဉ်ထားသည်။

စပိန်အစိုးရသည် ယခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ လာမည့်နှစ်ဇွန်လအထိ နိုင်ငံ၏ လူဦးရေ ၄၇ သန်းခန့် ရှိသည့် အနက် လူဦးရေ ၁၅ သန်းနှင့် သန်း ၂၀ အကြားကို ကာကွယ်ဆေးထိုးနှံပေးနိုင်မည်ဟု မျှော်လင့်သည်။

စပိန်နိုင်ငံသည် ဥရောပတိုက်တွင် ကိုဗစ်-၁၉ ရောဂါ အဆိုးဆုံးထိခိုက်သွားသည့် နိုင်ငံများအနက် တစ်နိုင်ငံ အပါအဝင်ဖြစ်ပြီး နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်တွေ့ရှိခဲ့ချိန်မှ စ၍ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁ ဒသမ ၈ သန်းကျော်ရှိပြီး ၎င်းတို့အနက် ၅၀၀၀၀ နီးပါးသည် အဆိုပါရောဂါကြောင့် သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ