ရန်ကုန်၊   ၂၆  ဒီဇင်ဘာ

ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူများအား ကုသပေးလျက်ရှိသည့် ဧရာဝတီစင်တာ (မန္တလေး) တွင် ထည့်သွင်းတည်ဆောက်ထားသော Test & Care ၌ RDT ဖြင့် ပထမအကြိမ် စစ်ဆေးရာတွင် Negative အဖြေထွက်ရှိသော အနံ့ပျောက်သူများကို ဒုတိယအကြိမ် ထပ်မံ မစစ်ဆေးမီ မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းရှိ Multi-Purpose Stadium တွင် အဆင်ပြေစွာ နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဧရာဝတီဖောင်ဒေးရှင်းသည် မန္တလေးခရိုင်အတွင်းမှ အနံ့ပျောက်သူများကို ဒီဇင်ဘာလ ၂၂ရက်မှစတင်၍ ဧရာဝတီစင်တာ (မန္တလေး) Test & Care ၌ ရောဂါကူးစက်ခံထားရခြင်းရှိမရှိ စစ်ဆေးပေးလျက်ရှိရာ ပိုးတွေ့ရှိသူများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုဖြင့် သက်ဆိုင်ရာဆေးရုံ (သို့) ကုသရေးစင်တာများသို့ ပို့ဆောင်ပေးလျက်ရှိပြီး ပထမအကြိမ် ဆေးစစ်ရာတွင် Negative အဖြေထွက်ရှိ သူများကို (၄၈)နာရီအတွင်း ဒုတိယအကြိမ် ပြန်လည်စစ်ဆေးမှုမခံယူမီ အဆင်ပြေစွာနေထိုင်နိုင်ရန် အတွက် ယခုကဲ့သို့ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်သည်။ အဆိုပါ Multi-Purpose Stadium တွင် စုစုပေါင်း ခုတင်(၁၀၀)ပါရှိပြီး ဧရာဝတီဖောင်ဒေးရှင်းက နေထိုင်စားသောက်ရေးကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်ကုသရေး ဧရာဝတီစင်တာ (မန္တလေး) တွင် ရောဂါပိုးကူးစက်ခံထား ရသူများအား ကုသပေးရန်အတွက် ခေတ်မီစက်ပစ္စည်းများ တပ်ဆင်ပေးထားသလို ICU/HDU တွင် ကုသခံရမည့်လူနာများအတွက် ခေတ်မီကုသရေးပစ္စည်းများ၊ ကျောက်ကပ်ဆေးသည့်စက်များ၊ ဓာတ်ခွဲ ခန်းများလည်း ထည့်သွင်းတပ်ဆင်ပေးထားသည့်အပြင် ရောဂါပိုးရှိမရှိ စစ်ဆေးပေးနိုင်မည့်  Test and Care စင်တာလည်း ထည့်သွင်းဆောက်လုပ်ထားသည်။ 

ဧရာဝတီစင်တာ(မန္တလေး)တွင် ရောဂါကုသ မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ကာ ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများနှင့် ရောဂါကုသမှုခံယူမည့် လူနာများ၏ နေ့စဉ်အစားအသောက်များကို ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။ ဧရာဝတီဖောင်ဒေးရှင်းသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်အတူ လက်တွဲ၍ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူများအား ကုသပေးရန် ကိုဗစ်-၁၉ ရောဂါကုသရေး ဧရာဝတီစင်တာများကို ရန်ကုန်မြို့တွင် ခုတင် ၁၀၀၀ ဆံ့၊ မန္တလေးမြို့တွင် ၃၇၅ ခုတင်ဆံ့အဖြစ် ဆောက်လုပ်ပေးထားသည်။

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-ကိုမိုး