တိုကျို ၂၆ ဒီဇင်ဘာ

ဗြိတိန်မှပြန်လာသူငါးဦးတွင် ဗီဇပြောင်း ကိုဗစ်-၁၉ ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

ဂျပန်နိုင်ငံရှိ လေဆိပ်နှစ်ခုတွင် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ငါးဦးကို တွေ့ရှိခဲ့ကြောင်း နိုရီ ဟီဆာတာမူရာ က သတင်းထောက်များအား ဒီဇင်ဘာ ၂၅ ရက်က ပြောကြား လိုက်သည်။

ဂျပန်နိုင်ငံ၏ ကူးစက်ရောဂါဆိုင်ရာ အမျိုးသားအင်စတီကျုက ၎င်းတို့တွင် စမ်းသပ်တွေ့ရှိခဲ့သော ကိုဗစ် -၁၉ သည် ဗြိတိန်တွင် ပျံ့နှံ့ဖြစ်ပွားနေသော ဗီဇပြောင်း ကိုဗစ်-၁၉ နှင့် ပုံစံတူသည်ကို တွေ့ရှိခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့သည်။ ဂျပန်ပြည်သူများ ဗီဇပြောင်း ကိုဗစ်-၁၉ ပိုး ကူးစက်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော သောကြာနေ့နှင့် တနင်္ဂနွေနေ့များတွင် တိုကျို ဟာနေဒါ လေဆိပ်သို့ ရောက်ရှိလာသူနှစ်ဦးနှင့် တနင်္လာနေ့တွင် ကန်ဆိုင်း လေဆိပ်သို့ ရောက်ရှိလာသူ သုံးဦးတို့တွင် ယင်းဗီဇပြောင်း ကိုဗစ်-၁၉ ပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ငါးဦးသည် အသက် ၁၀ နှစ်အောက်မှ အသက် ၆၀ ဝန်းကျင် အထိ ရှိကြောင်း သိရသည်။ လေးဦးသည် ရောဂါလက္ခဏာမပြဘဲ တစ်ဦးသည် မောပန်းနေကြောင်း သိရသည်။

ဒီဇင်ဘာ ၂၄ ရက်က ဂျပန်အစိုးရသည် ကူးစက်မှုပြင်းထန်သည့် ဗီဇပြောင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို တားဆီးတုံ့ပြန်ရန် ဗြိတိန် နိုင်ငံမှ ဆိုက်ရောက်လာသူများကို ယာယီတားမြစ်ပိတ်ပင်လိုက်သည်။

လေဆိပ်သီးသန့် ကန့်သတ်စောင့်ကြည့်သည့်နေရာတွင် ဗီဇပြောင်း ကိုဗစ်-၁၉ ကို တွေ့ရှိခဲ့သောကြောင့် ယင်းဗိုင်းရပ်စ်သည် ဂျပန်နိုင်ငံ အတွင်းမပျံ့နှံ့သေးဟု ယုံကြည်ကြောင်း ကူးစက်ရောဂါဆိုင်ရာ အမျိုးသား အင်စတီကျု၏ ညွှန်ကြားရေးမှူးချုပ် ဝါကီတာတာကာဂျီက ပြောကြားလိုက်သည်။

အကယ်၍ ဗီဇပြောင်း ကိုဗစ်-၁၉ သည် ဂျပန်နိုင်ငံတွင် စတင် ပြန့်ပွားပါက ဂျပန်နိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ကူးစက်ရောဂါမှာ ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား လိုက်သည်။ အသွင်ပြောင်း ကိုဗစ်-၁၉သစ်နှင့် ပတ်သက်ပြီးလေ့လာ ခွဲခြမ်းစိတ်ဖြာရန်လိုကြောင်း ၎င်းက တိုက်တွန်းပြောကြားထားသည်။

အင်န်အိတ်ချ်ကေ