ပဲခူး၊ ၂၇ ဒီဇင်ဘာ

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းက တိုင်းဒေသကြီး သယံဇာတ၊ ပတ်ဝန်ကျင်းထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ ဟံသာဝတီမြို့ဟောင်း၊ သိန္နီတံခါးပေါက် တူးဖော်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုကြသည်။

 

ဝန်ကြီးချုပ်နှင့်အဖွဲ့အား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းနှင့် သမိုင်းပညာရှင်များက သိန္နီတံခါးပေါက် ရှာဖွေတွေ့ရှိမှု အခြေအနေ၊ ပြန်လည်တူးဖော် ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ မြန်မာနိုင်ငံသည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ လွန်စွာပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး “နိုင်ငံဂုဏ်ပြု ယဉ်ကျေးမှု” ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအားလုံးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးမြို့တွင်တည်ရှိသည့် ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး တည်ဆောက်ခဲ့သည့် ဟံသာဝတီမြို့ဟောင်းသည်လည်း နှစ်ပေါင်း (၄၅၄)နှစ်သက်တမ်းရှိပြီး စစ်ဘေးစစ်ဒဏ်၊ သဘာဝဘေးဒဏ်၊ စီမံခန့်ခွဲမှုအားနည်းချက်များနှင့် လူတို့၏ ကျူးကျော်ဖျက်ဆီးမှုဒဏ်များကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အထောက်အထားများမှာ တစ်စတစ်စ ယိုယွင်းပျက်စီးနေပြီဖြစ်ကြောင်း၊ ဆက်လက်ပျက်စီးမှု မဖြစ်ပေါ်စေရေး ရှေးဟောင်းအမွေအနှစ် မြို့ရိုးနှင့် ကျုံးများအား ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လိုအပ်ကြောင်း၊ ဟံသာဝတီမြို့ဟောင်း ကျုံးများပြန်လည်ဖော်ထုတ် တူးဖော်ခြင်းအားဖြင့် ပြည်သူများ အပန်းဖြေနေရာတစ်ခု ဖန်တီးပေးခြင်း၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား နောင်လာနောင်သားများ တန်ဖိုးထားတတ်စေရန်၊ ရှေးခေတ်က မြို့တစ်ခုတည်ရာတွင်  မြို့တော်၏ အကာအကွယ်တစ်ခုအပြင် ရေသွင်း၊ ရေထုတ်စနစ် ဆောင်ရွက်နိုင်ရန် ကျုံးကိုထည့်သွင်းတည်ဆောက်ရမှုအား သိရှိစေရန်၊ ပဲခူးတိုင်းဒေသကြီးတွင် တောင်ငူမြို့နှင့် ပဲခူးမြို့တို့သည် ကျုံးများနှင့် ပတ်လည်ကာရံထားသော ရှေးဟောင်းမြို့တော်ကြီးများပင်ဖြစ်ကြောင်း၊ ပဲခူးမြို့အား တိုင်းဒေသကြီးမြို့တော်တစ်ခုအဖြစ် သန့်ရှင်းသာယာလှပစေရေး မြို့ရိုးများ၊ ဂိတ်တံခါးပေါက်များ၊ ကျုံးများနှင့် ကျုံးပတ်လမ်းများ ပြန်လည်ဖော်ထုတ်ရခြင်းဖြစ်ကြောင်းနှင့် အဓိကအားဖြင့် ရှေးဟောင်းမူရင်းပုံစံများ မပျက်စီးစေရန်လည်း အထူးသတိထား ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

 

ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ဝန်ကြီးချုပ်နှင့် ဝန်ကြီးတို့အား ဟံသာဝတီရှေးဟောင်းမြို့ရိုး တူးဖော်မှုကုန်း (BGO-4) တူးဖော်မှုလုပ်ငန်း သုတေသန အစီရင်ခံစာစာအုပ်အား ပေးအပ်ခဲ့ပြီး တူးဖော်ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုကြကြောင်း သိရှိရသည်။

 

ဘုရင့်နောင်မင်းတရားကြီး တည်ဆောက်ခဲ့သည့် ဟံသာဝတီမြို့တော်တွင် သိန္နီတံခါးပေါက်သည် အနောက်ဘက်မြို့ရိုး၏ မြောက်ဘက်အကျဆုံး တံခါးပေါက်ဖြစ်သည်။ ပဲခူးမြို့ဒေသခံ ပြည်သူများအနေဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီး ရင်ခွဲဆောင်မြောက်ဘက်ရှိ ပြည်တော်သာလမ်းနေရာအား သိန္နီတံခါးပေါက်ဟု အစဉ်အဆက် လက်ခံယုံကြည်ခဲ့ကြသည်။ သို့သော်လည်း (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်တွင် အဆိုပါနေရာအား တူးဖော်ကုန်းအမှတ်(၁) BGO-1 ဟု သတ်မှတ်တူးဖော်ခဲ့သည့်အခါ တံခါးပေါက်နှင့်သက်ဆိုင်ရာ ပြအိုးအစရှိသည်တို့ကို မတွေ့ရှိရဘဲ (၁၄ ဒသမ ၅)မီတာအရှည်ရှိ ပြကလေးတစ်လုံး၏ အကြွင်းအကျန်ကိုသာ တွေ့ရှိရသည့်အတွက် သိန္နီတံခါးပေါက်၏ အထောက်အထားများ ပျောက်ဆုံးလျက်ရှိနေခဲ့သည်။

 

ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တူးဖော်မှုကုန်းအမှတ်-၄ (BGO-4) ကို တူးဖော်သုတေသနပြုသည့်အခါ ကျင်းကွက်အမှတ် T40 မှ T45 အတွင်း တံခါးပေါက်ပြအိုး (၂)လုံးနှင့် မြို့ဝင်ပေါက်ဟုယူဆရသည့် အဆောက်အအုံအကြွင်းအကျန်များကို တူးဖော်တွေ့ရှိကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)

 

mdn