ပိုင်ကျုံ၊ ၂၇ ဒီဇင်ဘာ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဂျပန်အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Japan Infrastructure Partners - JIP) ၏ စီမံမှုဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် မိုးနိုင်းကျေးရွာရှိ ဒါးကျိုင်းချောင်းကူးတံတား ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး ဂျပန်အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JIP) မှ ပေးပို့သော နှုတ်ခွန်းဆက်လွှာအား ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းက ဖတ်ကြားသည်။ ဆက်လက်၍ ပြည်နယ်၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများက တံတားကြီးတည်ဆောက်ရန်အတွက် မင်္ဂလာအချိန်တွင် ပန္နက်တင်ခြင်းဆောင်ရွက်သည်။
အဆိုပါ တံတားအား ဂျပန်အစိုးရနှင့် ပြည်သူတို့၏ ထောက်ပံ့ငွေဖြင့် ဂျပန်ပရဟိတအဖွဲ့ JIP က အကောင်အထည်ဖော် ဆောက်လုပ်သွားမည်ဖြစ်ပြီး တံတားအမျိုးအစားမှာ Border Pile အုတ်မြစ်၊ သံကူကွန်ကရစ်တံတားဖြစ်ကာ အရှည် ပေ (၅၃၀)၊ အနံ ပေ (၁၅)နှင့် တံတားခံနိုင်၀န်မှာ တန် (၂၀)ဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။ အဆိုပါအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွင်း မြို့ပြနှင့်ကျေးလက် တန်းတူညီမျှ ဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာစေရေး၊ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်နယ်၀န်ကြီးချုပ်၊ ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)


