မြိုင်၊ ၂၇ ဒီဇင်ဘာ
မြိုင်မြို့နယ် မြိုင်တောင်ကြိုးပြင် ကာကွယ်တောတွင် စိုက်ပျိုးထားသည့် (၁/၂၀၂၀) ကျေးရွာသုံး ထင်းစိုက်ခင်း ဧက ၅၀ အောင်မြင်ဖြစ်ထွန်းနေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး မင်းသားကျရွာသို့ လွှဲပြောင်းပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၆ ရက် ညနေ ၅ နာရီက ကြိုးပြင်ကာကွယ်တောအတွင်း ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးဇော်အောင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးဝေလင်းဖြိုးတို့က ကျေးရွာသုံးထင်းစိုက်ခင်း စိုက်ပျိုးမှု၊ မီးတားလမ်းဆောင်ရွက်မှု၊ ရေရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးရွာသုံးထင်းစိုက်ခင်း ဧက(၅၀)ကို မင်းသားကျကျေးရွာသို့ လွှဲပြောင်းပေးအပ်ရာ ကျေးရွာကော်မတီဝင်များက လက်ခံရယူသည်။
အဆိုပါကျေးရွာသုံး ထင်းစိုက်ခင်းသည် မြိုင်တောင်ကြိုးပြင်ကာကွယ်တောတွင် ဧက(၅၀)ကျယ်ဝန်းပြီး ယူကလစ်ပင်ပေါင်း ၆၀၅၀၀ စိုက်ပျိုးထားကာ ကျေးရွာပြည်သူများအတွက် အိမ်တိုင်၊ မျှောတိုင်နှင့် ထင်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။
ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နံနက်ပိုင်းက ပခုက္ကူမြို့နယ် တန့်ကြည့်တောင်ဒေသနှင့် ရေစကြိုမြို့နယ် ရှင်မတောင်ဒေသ စိမ်းလန်းစိုပြည်ရေးအတွက် သွားရောက်ကြည့်ရှုစစ်ဆေးပြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဖြိုးမွန်ကျော်၊ အေးသန်း (ပြန်/ဆက်)


