ကန့်ဘလူ၊ ၂၇ ဒီဇင်ဘာ
တစ်နိုင်ငံလုံးတွင် COVID-19 ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးရိုက်ခတ်မှုကြောင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ကုစားနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွးရေးကုစားမှုအစီအစဉ် CERP အရ မျိုးစေ့ထုတ်ကွက်များကို ဆောင်ရွက်လျက်ရှိခဲ့ရာ ယခုအခါ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။
ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် မျိုးစေ့ထုတ်ကွက် ၈၇၀၊ မျိုးစေ့အနေဖြင့် ပေါ်ဆန်းရင် ဧက ၅၀၀၊ ဧရာမင်း ဧက ၃၀၀၊ ဆင်းသုခ ဧက ၇၀ စိုက်ပျိုးထားပြီး ကျွန်းလှမြို့နယ်တွင် မျိုးစေ့ထုတ်ကွက် ၃၃၀၊ မျိုးအနေဖြင့် ဧရာမင်း ၂၈၅ ဧက၊ မနောသုခ ၄၅ ဧက စုစုပေါင်း ၃၃၀ ဧကစိုက်ပျိုးပြီးဖြစ်သည်။
ကန့်ဘလူခရိုင်အနေဖြင့် ပေါ်ဆန်းရင် ၅၀၀ ဧက၊ ဧရာမင်း ၅၈၅ ဧက၊ ဆင်းသုခ ၇၀ ဧက၊ မနောသုခ ၄၅ ဧက စုစုပေါင်း ၁၂၀၀ ဧကကို မျိုးသန့်ခြံများမှ မျိုးစေ့များရယူ စိုက်ပျိုးထားခြင်းဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် တောင်သူများအား အရည်အသွေးကောင်းမျိုးဖြစ်သည့် ဧရာမင်း၊ ပေါ်ဆန်းရင်မျိုးများ စိုက်ပျိုးသူတောင်သူများကို တစ်ဧကလျှင် ငွေကျပ် ၁၅၀၅၀၀ ဖြင့် ဧက ၁၀၈၅ အတွက် ထောက်ပံငွေ သိန်းပေါင်း ၁၆၃၃ သိန်း၊ အထွက်ကောင်းမျိုးဖြစ်သည့် မနောသုခ၊ ဆင်းသုခမျိုးများအတွက် တစ်ဧကလျှင်ငွေကျပ် ၁၄၈၅၀၀ ဖြင့် ဧက ၁၁၅ အတွက် သိန်းပေါင်း ၁၇၀ သိန်း စုစုပေါင်း ၁၂၀၀ ဧကအတွက် ငွေကျပ်သိန်းပေါင်း ၁၈၀၃ သိန်းကျော် ငွေကြေးထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်မာမာဝင်းထံမှ သိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် လယ်ယာကဏ္ဍအပေါ် အကျိုးသက်ရောက်လာနိုင်မှုကို ကာကွယ်တုံ့ပြန်သည့်အနေဖြင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးမှာ တစ်ဧကအထွက်တိုးရန် အဓိကလိုအပ်ချက်ဖြစ်သော မျိုးကောင်းမျိုးသန့်မျိုးစေ့များ ရရှိရန် ရည်ရွယ်စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ CERP အစီအစဉ်အရ မျိုးစေ့ထုတ်ကွက် စိုက်ပျိုးသူတောင်သူများ ငွေကြေးထောက်ပံ့မှုရရှိသည့် မျိုးစေ့ထုတ်တောင်သူများသည် မျိုးစေ့ထုတ်ကွက်များကို ခြောက်တန်း တစ်တန်းလပ် စိုက်ပျိုးခြင်း၊ အပင်စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းချိန်ထိ မျိုးထုတ်ကွက်များ အဓိကအရေးကြီးဆုံးအချက်ဖြစ်သည့် မျိုးကွဲပယ်ခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းလုပ်ငန်းများကို ပင်ပွားခွဲချိန်၊ ပန်းပွင့်ချိန်၊ ရင့်မှည့်ချိန်တို့တွင် အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်ရန်လိုအပ်သည်။
ရိတ်သိမ်းချိန်ဆိုပါက မျိုးလျော့မှုမရှိစေရန်အတွက် မျိုးစေ့များကို ရိတ်သိမ်းခြွေလှေ့စက်များဖြင့် သန့်စင်ခြင်း၊ မျိုးစေ့သန့်စင်စက်များဖြင့် သန့်စင်ခြင်းလုပ်ငန်းများ၊ သိုလှောင်ထုတ်ပိုးခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးပညာရှင်များက ကွင်းဆင်းပညာပေးကာ နည်းပညာများအတိုင်း လိုက်နာကျင့်သုံးရန် လိုအပ်သည်။ ထိုသို့ နည်းပညာများကို ညွှန်ကြားသည့်အတိုင်း စနစ်တကျလိုက်နာကျင့်သုံးမှသာလျှင် ထွက်ရှိလာသည့်မျိုးများမှာ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် အရည်အသွေးကောင်း မျိုးစေ့များရရှိမှာဖြစ်ကြောင်း သိရသည်။
ထိုသို့ ထွက်ရှိလာသည့် မျိုးကောင်းမျိုးသန့်များကို တောင်သူအချင်းချင်း ဖလှယ်ခြင်းအားဖြင့်လည်းကောင်း၊ ရောင်းချခြင်းအားဖြင့်လည်းကောင်း ဖြန့်ဖြူးရောင်းချသွားရန်ဖြစ်သည်။ ကိုဗစ်-၁၉ ကာလအတွင်း တောင်သူလယ်သမားများ၏ မျိုးစေ့ထုတ်ကွက်များ စိုက်ပျိုးခြင်းဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်လာပြီး စီးပွးရေးထိခိုက်မှုမရှိဘဲ ဝင်ငွေပိုမိုရရှိလာစေမည်ဖြစ်သည်။ ထို့ပြင် နည်းပညာတွေလည်း တိုးတက်လာစေပြီး မျိုးကောင်းမျိုးသန့်များ ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲသုံးစွဲလာနိုင်ကာ တောင်သူများလိုအပ်သည့် မျိုးစေ့ပမာဏကို လိုအပ်သည့်အချိန်တွင် အလွယ်တကူရယူစိုက်ပျိုးရန် ရည်ရွယ်ပြီး မျိုးစေ့ထုတ်လုပ်ငန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


