ဟိုပုံး၊ ၂၇ ဒီဇင်ဘာ
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် နှာခေါင်းစည်း တပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို မြို့မဈေးရှေ့နှင့် မြို့မဈေးအတွင်း၌ ယနေ့ နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ နှာခေါင်းစည်း တပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို တောင်ကြီးဆေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာလှဝင်းမြင့်နှင့် တာဝန်ရှိသူများ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြိုနယ်နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်ပြည်သူကျန်းမာရေးဌာနမှူး ဒေါက်တာ မောင်မောင်သိန်း၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ Surgical Masks ၂၆၅၀၊ ပိတ်စဖြင့်ချုပ်လုပ်ထားသည့် နှာခေါင်းစည်း ၃၀၀ နှင့် Face Shield ၃၀၀ တို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ခြင်းသည် နေအိမ်ပြင်ပသို့ သွားရောက်သည့်အခါ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသည့် လမ်းသွား လမ်းလာများနှင့် မြို့နယ်ရှိပြည်သူများကို ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေ ထိုင်လုပ်ကိုင်ခြင်း၊ လက်ကို ဆပ်ပြာ/ လက်သန့်စင်ဆေးရည်ဖြင့် မကြာခဏဆေးကြောခြင်း၊ တစ်ဦးကို တစ်ဦး အသိပေးခြင်းနှင့် သတိပေးခြင်းနှင့် မြို့မဈေးသို့ မဖြစ်မနေ ဈေးရောင်း/ဈေးဝယ်သူများအနေဖြင့် နှာခေါင်းစည်းတပ်ဆင်၍ ဈေးရောင်း/ဈေးဝယ်မှုများ ဆောင်ရွက်စေခြင်း စသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဂျိုင်းလော(သတင်းစဉ်)


