နေပြည်တော်၊ ၂၇ ဒီဇင်ဘာ
မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MAVO) ၏ တတိယအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် Zoom Application ဖြင့်ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း၌ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်နိုင်ရေးကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသည့်နည်းတူ ပြည်ပသို့ တင်ပို့ရောင်းချသူများ၊ ပြည်ပမှတင်သွင်းသူများနှင့် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမားများ အကျိုးအမြတ် ရရှိရေးအတွက် ကုန်သွယ်မှုလုပ်ငန်းများကို ဖြေလျှော့မှုများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထောပတ်သီး အပါအဝင် သစ်သီးဝလံ ဟင်းသီးဟင်းရွက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပတင်ပို့မှု ပိုမိုတိုးမြှင့်နိုင်ရေးတို့အတွက် ဆက်လက် အားပေးကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိသကဲ့သို့ မြန်မာနိုင်ငံမှ ထောပတ်သီး (၃) မျိုးကို ဗြိတိန်စျေးကွက်သို့ စမ်းသပ်တင်ပို့ခဲ့ရာတွင်လည်း ရလဒ်ကောင်းများ ကြားသိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ပူးပေါင်းကူညီဆောင်ရွက်ပေးသော USAID, UKaid တို့ကဲ့သို့သော အဖွဲ့အစည်းများ၏ ပံ့ပိုးမှုများကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်း၊ ထောပတ်သီးကို စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံတို့မှ ဝယ်လိုအား ရှိသကဲ့သို့ အနောက်နိုင်ငံများဖြစ်သည့် ယူကေ၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံများကလည်း ဝယ်ယူလိုမှုများရှိနေသည့်အပြင် ထောပတ်သီးအဆီကိုလည်း ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများက ဝယ်လိုအား ရှိသည်ဟု သိရှိရပါကြောင်း။
အလားအလာကောင်းများရှိသည့် သစ်သီးဝလံများကို တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ပစ္စည်းများအား ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးတို့အတွက် အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ်ကာလ ဖြစ်သော်လည်း အွန်လိုင်းမှသော်လည်းကောင်း၊ စီးပွားရေးသံမှူးများမှ တစ်ဆင့်သော်လည်းကောင်း စျေးကွက်ရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် စျေးကွက်အသစ်များ တိုးချဲ့ရရှိရန် လိုအပ်သကဲ့သို့ ရရှိပြီးစျေးကွက်များကိုလည်း ထိထိရောက်ရောက် တင်ပို့သွားနိုင်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
အစည်းအဝေး၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ်တို့က နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ စင်ကာပူရှိ မြန်မာသံရုံးမှ စီးပွားရေးသံမှူးက ထောပတ်သီးစျေးကွက်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ အသင်းမှတာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်းများ၊ စာတမ်းဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌနှင့် ဗဟိုအလုပ် အမှုဆောင်များ၊ တာဝန်ရှိသူများ၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ တင်ပို့ရောင်းချသူ ကုမ္ပဏီများ၊ ပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


