၂၇ ဒီဇင်ဘာ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ အမျိုးသားအသင်းနည်းပြချုပ်အဖြစ် ဘူလ်ဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်ကို ဆက်လက်တာဝန်ပေးမည်ဖြစ်ပြီး ၂၀၂၁ နှစ်ကုန်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည်ဖြစ်သည်။
ပိုပေါ့ဗ်သည် မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်အဖြစ် ၂၀၁၉ နှစ်ဆန်းပိုင်းတွင် စတင်တာဝန်ပေးအပ်ခဲ့ရပြီး နှစ်နှစ်သက်တမ်းရှိ စာချုပ်ကုန်ဆုံးတော့မည်ဖြစ်သောကြောင့် တစ်နှစ်သက်တမ်းတိုးရန် သဘောတူညီမှုရခဲ့ခြင်း ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရခြင်းမရှိဘဲ လာမည့်နှစ်မှသာ ပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ၂၀၂၁ ခုနှစ်တွင် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲနှင့် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပိုပေါ့ဗ်အနေဖြင့် ယင်းပြိုင်ပွဲနှစ်ခုတွင် ရလဒ်ကောင်းရရှိရန် စွမ်းဆောင်ပေးရမည်ဖြစ်သည်။
ပိုပေါ့ဗ်သည် ၂၀၁၉ ခုနှစ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာပြိုင်ပွဲများအနက် နှစ်ဆန်းပိုင်းတွင် ယှဉ်ပြိုင်သည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲနှင့် အာရှ ယူ-၂၃ ခြေစစ်ပွဲတွင် ရလဒ်မကောင်းသော်လည်း နှစ်ကုန်ပိုင်းတွင်ကျင်းပသည့် အကြိမ် ၃၀ မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရယူနိုင်ခဲ့သောကြောင့် သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် လာမည့်နှစ်တွင်ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် ဇန်နဝါရီဒုတိယပတ်တွင် စတင်လေ့ကျင့်ရန် ပြင်ဆင်နေကြောင်း သိရသည်။
သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-စိုးညွန့်


