ပုသိမ်၊ ၂၇ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ပုသိမ်မြို့တွင်၊ မြို့ပေါ်ရပ်ကွက် ၁၅ ခုရှိပြီး ရပ်ကွက်အသီးသီးတွင် လက်မှုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ အများအပြားရှိရာ အမှတ် (၁) နယ်မြေအတွင်းရှိ စဉ့်အိုးဖိုရပ်နှင့် ရန်ကင်းတောင်ရပ်ကွက်များတွင် မြေသားဖြင့်ပြုလုပ် ရောင်းချလျက်ရှိသော မြေထည်၊ စဉ့်ထည်လုပ်ကိုင်သူများသည် ကိုဗစ်ကာလအတွင်း ရပ်တည်ရန် ပိုမိုခက်ခဲလျက်ရှိကြောင်း သိရသည်။
"မွေးလာကတည်းက မြေထည်လက်မှုတွေ ထုတ်လုပ်ရောင်းချလာခဲ့တာ။ လက်ရှိအချိန်ကတော့ လုပ်ငန်း ကိုင်ငန်းတွေအတွက် အခက်ခဲဆုံးအချိန်ပါပဲ။ အရောင်းပါးတဲ့ အခက်အခဲအပြင် ကျွမ်းကျင် လုပ်သားပညာရှင် အတော်လေး နည်းပါးနေပါတယ်" ဟု မြေထည်ဖိုလုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။
မြန်မာ့ရိုးရာ မြေထည်၊ စဉ့်ထည်၊ ပစ္စည်းများ ဖြစ်သည့် စဉ့်အိုး၊ မြေအင်တုံ၊ ပန်းအိုး၊ ငရုတ်ဆုံ၊ ဆီမီးခွက်၊ ကလေးကစားစရာ မြေထည်လက်မှု ပစ္စည်းများသည် ပြောင်းလဲလာသည့် လူမှု အသိုက်အဝန်းအတွင်း ရပ်တည်ရန် ခက်ခဲလျက်ရှိနေပြီဖြစ်သည်။
မြေထည်လက်မှုအသုံးအဆောင်များနေရာတွင် ၀ယ်ယူရလွယ်၊ အသုံးပြုရလွယ်ကူသည့် ပလပ်စတစ် ပစ္စည်းများက နေရာယူလာခြင်းသည် မြေထည်လက်မှုလုပ်ငန်းများအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပြီး၊ မြေထည်၊ စဉ့်ထည်များအား ပုံစံထုတ်ခြင်း၊ လက်ရာဖော်ခြင်းအစရှိသည့် လုပ်ငန်းကျွမ်းကျင်သူ လက်မှုပညာရှင်များ နည်းပါးလာခြင်းကလည်း မြေအိုဖိုများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာကြောင်း သိရှိရသည်။
"လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်လောက်က ကျွန်မတို့ အရပ်မှာ အိုးဖို ၄၀ ကျော်ရှိခဲ့တာပေါ့။ အခုနောက်ပိုင်း ကျတော့ တဖြေးဖြေးနည်းပါးလာလိုက်တာ ခြောက်ဖိုလောက်ပဲကျန်တယ်။ ဒါက မိရိုးဖလာလုပ်ငန်းလည်း ဖြစ်တော့ မပျောက်ကွယ်စေချင်ဘူး" ဟု ဖိုလုပ်ငန်းရှင် ဒေါ်ချိုသဲ က ပြောကြားသည်။
မြေသားစဉ့်အိုးများ ထုတ်လုပ်ရောင်းချသော နေရာကို အစွဲပြု၍ စဉ့်အိုးဖိုရပ်ဟုခေါ်တွင်ခဲ့ပြီး ယခင် နှစ်ပေါင်းလေးငါးဆယ်ခန့် အချိန်ကတည်းက ထုတ်လုပ်ရောင်းချသည့် ဖိုအများအပြား ရှိခဲ့သော်လည်း ယခုအချိန်တွင် စဉ့်အိုးပြုလုပ်ရောင်းချခြင်း မပြုနိုင်တော့ဘဲ ပွဲစားများမှာယူသည့် ငရုတ်ဆုံ၊ လက်ဆေးအင်တုံ၊ မြေသားပန်းအိုးများ ကိုသာ ပြုလုပ်ရောင်းချလျက်ရှိကြောင်း ဖိုလုပ်ငန်းရှင် ဒေါ်ချိုသဲထံမှ သိရသည်။
အိုးပြုလုပ်ရန်အတွက် မြေနီများကို ပုသိမ်မြို့၏ တစ်ဖက်ကမ်းမှ မြေသားများကို ဝယ်ယူစုဆောင်းပြီး မြေသားတွင် ပါဝင်သည့် ကျောက်ခဲများ အမှိုက်များမပါရှိအောင် ဖယ်ရှားရှင်းလင်းကာ မြေသားကို အမှုန့်ပြုလုပ်၊ ဇကာချ၊ မြေမှုန်များကို ရေစွတ်၊ မြေသားနူးညံ့သည်အထိ ပြုလုပ်၍ အိုးထိန်း စက်ပေါ်သို့ တင်ကာ ပုံသဏ္ဍန်အမျိုးမျိုးကို ပညာရှင်က ပုံဖော်ပြုလုပ်ခြင်းဖြစ်သည်။
ပုံစံအမျိုးမျိုးပြုလုပ်ထားသည့် အိုးများမီးဖုတ်ရန်အတွက် ဖိုများကို မြေသားဖြင့် ပြုလုပ်ထားသည့် အိုးအရေအတွက် အလိုက် ၂၀၀/၂၅၀ ဆန့်သည့် ဖိုများ ပြုလုပ်ထားကာ ချော်အရောင် ပြောင်လက်စေရန်အတွက် ဝါးများဖြင့် မီးထိုးကြရသည်။ အသုံးပြုသည့် ချော်များကို တွံတေးမြို့နယ်မှ အဓိက မှာယူကြသည်။ ဈေးနှုန်းမှာ ရှစ်ပြည်ဝင် အိတ်တစ်လုံးလျှင် ငွေကျပ်ခြောက်သောင်းခွဲ ဝန်းကျင်ကုန်ကျကြောင်း သိရှိရသည်။
မီးထိုးရာတွင် ထင်းကို ဒိန်းဒေါင်းတစ်စီးတိုက် ငွေကျပ်ခြောက်သောင်း၊ ဝါးထင်း ငါးသောင်းကျပ်မျှ ကုန်ကျကြောင်း၊ မြေအင်တုံ နှင့် ငရုတ်ဆုံများပြန်လည်ရောင်းချရာတွင် တစ်လုံးလျှင် ငွေကျပ် ၁၅၀၀ / ၂၀၀၀ ခန့် ရရှိကြောင်း သိရသည်။
ယခုကာလသည် ရောင်းအားကျဆင်းသဖြင့် ဖိုလုပ်ငန်းရှင်များ အဆင်မပြေကြောင်း သိရသည်။
"ရောင်းအားကောင်းတာက ပွင့်လင်းရာသီပေါ့။ ဒါပေမယ့် ကိုဗစ်ကြောင့် ကုန်ကြမ်းလည်း ၀ယ်မစု နိုင်သေးဘူး၊ ကုန်ချောလည်း တင်ပို့ဖို့မလွယ်ဘူး။ ချေးငွေရရှိဖို့အနေနဲ့ကျတော့လည်း လုပ်ငန်းလည်ပတ်ဖို့ အဆင်မပြေသေးတော့ သိပ်မမျှော်လင့်ရဲဘူး။ မြေထည်၊ စဉ့်ထည်အဓိက ခုတ်တာက ရွှေဘိုတို့၊ တွံတေးတို့ဘက်တွေမှာ ပိုများတယ်။ ကျွန်မတို့ ဒေသကတော့ တစ်နိုင်ငံလုံးမြေထည် ထွက်ကုန်ရဲ့ သုံးပုံတစ်ပုံတောင်မရှိပါဘူး။ ပုသိမ်မြို့က မြေထည်၊ စဉ့်ထည်လုပ်ငန်းတွေက မြန်မာနိုင်ငံ စဉ့်ထည်လုပ်ငန်းရှင်အသင်းလိုမျိုး အသင်းအဖွဲ့တွေနဲ့လည်း ချိတ်ဆက်ထားတာ မျိုးတော့ မရှိကြဘူး"ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။
ပုသိမ်မြို့တွင် လက်ရှိတွင် မြေထည်၊ စဉ့်ထည် လက်မှုပညာကျွမ်းကျင်သူ သုံးဦးမျှသာရှိပြီး မြေအိုးဖိုများတွင် အကြမ်းထည်များအပေါ် အချောသပ်မှု လုပ်ကိုင်ပေးလျက်ရှိသည်။ "ကျွမ်းကျင်သူတွေက နည်းပါးလာပြီ။ သူတို့မရှိရင် လုပ်ငန်းဆက်သွားဖို့တောင် အခက်အခဲရှိပါတယ်။ ဒီလုပ်ငန်းက ဝင်ငွေလည်း နည်းပါးတဲ့အတွက် ပညာသင်လိုသူ မျိုးဆက်သစ်လည်း မရှိသလောက်ရှားတယ်"ဟု ဒေါ်ချိုသဲက ဆိုသည်။
နိုင်ငံတကာတွင် လက်မှုပညာအသုံးအဆောင်များကို နည်းပညာပံ့ပိုးကာ ရောင်းတန်းဝင်အသုံးအဆောင်များအဖြစ် တန်ဖိုးမြှင့်တင်ကြချိန်တွင် မြန်မာနိုင်ငံရှိ မြေထည်နှင့် စဉ့်ထည်လက်မှုအသုံးအဆောင်များကိုလည်း မြှင့်တင်ရန် ကြိုးပမ်းနေကြသည်များလည်း ရှိပါသည်။ ပုသိမ်မြို့ရှိ မြေအိုးဖို လုပ်ငန်းရှင်များအတွက်လည်း ကျွမ်းကျင်ပညာရှင်၊ ခေတ်မီနည်းပညာနှင့် စျေးကွက်မြှင့်တင်ခြင်း အစီအစဉ်များ ဖြည့်တင်းနိုင်ရန် လုပ်ငန်းရှင်များက မျှော်လင့်နေကြသည်။
မြင့်ဟန်


