ကော့ကရိတ်၊ ၂၈ ဒီဇင်ဘာ
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ နဘူးနှစ်ခြားကျေးရွာအုပ်စု၊ မွန်စုကျေးရွာ၌ ဒီဇင်ဘာ ၂၇ ရက် နံနက် ၈ နာရီက ကျေးရွာတွင်း ကွန်ကရစ်လမ်း ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းဖွင့်ပွဲတွင် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့မှ ကျား/မရေးရာတာဝန်ခံ ဦးစောကစ်ဆင်ဂျာလင်း၊ လက်ထောက်ဝယ်ယူရေးတာဝန်ခံ ဒေါ်အေးသူလွင်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်နှင့် ကျေးရွာဥက္ကဋ္ဌ ဦးနိုင်တင်လှတို့မှ စီမံကိန်းကျောက်ပြားတိုင်ကို အမွှေးနံ့သာရည်များ ပတ်ဖျန်းပြီး ကျေးရွာတွင်းကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ကျေးရွာတွင်း ကွန်ကရစ်လမ်းသည် စီမံကိန်းမှ ထောက်ပံ့ရန်ပုံငွေကျပ် (၂၀၃)သိန်းနှင့် ကျေးရွာထည့်ဝင် လှူဒါန်းငွေကျပ် (၇၆)သိန်းတို့ဖြင့် ဆောင်ရွက်ခဲ့ပြီး အရှည် ၂၀၂၀ ပေ၊ အကျယ် ၁၂ ပေနှင့် အထူ ၆ လက်မဖြစ်ကြောင်း သိရသည်။ ယခုအခါ စီမံကိန်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်းပြီးစီးသွားပြီဖြစ်သောကြောင့် မွန်စုကျေးရွာအနေဖြင့် အိမ်ထောင်စု (၈၈)စု လူဦးရေ (၅၆၄)ဦးတို့အတွက် နှစ်စဉ်ကြုံတွေ့နေရသော မိုးရာသီလမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းမှ ကင်းဝေးသွားမည်ဖြစ်ပြီး ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများအတွက် သွားလာရေး လွယ်ကူအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။
စောဌေးရီ(ကျေးလက်)


