၂၈ ဒီဇင်ဘာ

 

 

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီမာစီရင်စုရှိ ဆူဝနန်စီဂျီမာကျွန်းတွင် ယနေ့မနက် အစောပိုင်းက မီးတောင်တစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဂျပန်မိုးလေဝသအေဂျင်စီက ဆိုသည်။

 

 

အဆိုပါ မီးတောင်ပေါက်ကွဲမှုသည် ဆူဝနန်စီဂျီမာကျွန်းတွင် မနက် ၂ နာရီ ၄၈ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

 

မီးတောင်သတိပေးမှု အဆင့်ငါးဆင့် ရှိရာတွင် ထိုအေဂျင်စီက ယင်းမီးတောင် သတိပေးချက်ကို အဆင့် ၂ မှ အဆင့် ၃ အထိတိုးမြှင့်ခဲ့သည်။

 

 

ထိုမီးတောင်ပေါက်ကွဲမှုကြောင့် အိုတာကီမီးတောင်ဝ၏ အရှေ့တောင်ဘက် ၁.၃ ကီလိုမီတာအထိ ကြီးမားသော ကျောက်တုံးများ လွင့်စင်ကျခဲ့ကြောင်း အေဂျင်စီ တာဝန်ရှိသူ တစ်ဦးက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

 

 

ထိုမီးတောင်ဝမှ ၄ ကီလိုမီတာအကွာခန့်တွင် လူနေရပ်ကွက်တစ်ခု ရှိသည်။ ဒီဇင်ဘာ ၁ ရက်နေ့အထိ  ထိုကျွန်းတွင် နေထိုင်သူ ၈၁ ဦး ရှိသည်ဟု ဒေသခံ တာဝန်ရှိသူများက ဆိုသည်။

 

 

ယင်းမီးတောင်၏ ၂ ကီလိုမီတာအတွင်း ကျောက်တုံးကြီးများ လိမ့်ကျလာနိုင်ချေရှိမှုနှင့် ပတ်သက်ပြီး မိုးလေဝသ အေဂျင်စီမှ တာဝန်ရှိသူက သတိပေးပြောကြားခဲ့သည်။

 

 

ထိုကျွန်းပေါ်တွင် ဒီဇင်ဘာ ၂၁ ရက်နေ့မှ စတင်ကာ မီးတောင်ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း တွေ့ရှိရသည်။ 

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို