မတ္တရာ၊ ၂၈ ဒီဇင်ဘာ

 

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် သဖန်းကိုင်းကျေးရွာအုပ်စု မြောင်းသစ်ကျေးရွာတွင် အစားအစာ ဘေးကင်းလုံခြုံရေးစီမံကိန်း (Food Safety Project) ဖြင့် သီးနှံများစိုက်ပျိုးနေသော တောင်သူများထံသို့ ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးပြီး သဘာဝပိုးသတ်ဆေး ပြုလုပ်နည်းများ ပြသခဲ့သည်။

 

စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာမှ ကြက်သွန်ဖြူ၊ ရှာလကာရည်၊ အရက်နှင့် ရေတို့ကို အချိုးကျရောစပ်သော  ကြက်သွန်ဖြူ သဘာဝပိုးသတ်ဆေးပြုလုပ်ခြင်း၊ အသုံးပြုနည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး အစားအစာ ဘေးကင်းလုံခြုံရေးအတွက် သဘာဝပိုးသတ်ဆေးများကိုသာ အသုံးပြုရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စပါးခွံမှ မီးသွေးပြုလုပ်နည်း၊ သဘာဝပိုးသတ်ဆေး၊ အသီးအရွက် အားဆေးပြုလုပ်နည်းနှင့် သဘာဝမြေသြဇာ ပြုလုပ်နည်းများ ပါဝင်သော စာအုပ်များကို တက်ရောက်လာသော တောင်သူများအား အခမဲ့ဖြန့်ဝေပေးကာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် တောင်သူများစိုက်ပျိုးထားသော သီးနှံစိုက်ခင်းများသို့ ကွင်းဆင်းစစ်ဆေး၍ အားနည်းချက် အားသာချက်များကို ဆွေးနွေးပြောကြားသည်။

 

အစားအစာ ဘေးကင်းလုံခြုံရေးစီမံကိန်းကို ကျန်းမာရေးနှင့် ညီညွတ်သော ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အလေ့အကျင့်ကောင်းများကို စိုက်ပျိုးထုတ်လုပ်သူများအား လေ့ကျင့်ပေးနိုင်ရန်၊ စျေးကွက်တင်ပို့ရောင်းချရာတွင် ဝင်ငွေတိုးတက်စေရန်၊ စားသုံးသူပြည်သူလူထုအား ကျန်းမာရေးနှင့်ညီညွတ်၍ အန္တရာယ်ကင်းရှင်းသည့် စားသောက်ကုန်များ ရွေးချယ်စားသုံးတတ်သည့် အမူအကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။ မတ္တရာမြို့နယ် အစားအစာ ဘေးကင်းလုံခြုံရေးစီမံကိန်းတွင် စည်တိုင်းကန်၊ မြောင်းသစ်၊ ဇီးဖြူကုန်း၊ တမာကုန်းနှင့် ကျောင်းကုန်းကျေးရွာများ ပါဝင်ပြီး မြောင်းသစ်ကျေးရွာတွင် ခရမ်းချဉ်သီး (၁၀)ဧကနှင့် တိုင်ထောင်ပဲ (၂၅)ဧက စုစုပေါင်း (၃၅)ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)