မိုင်းကိုင်၊ ၂၈ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကို ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း VDP ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မိုင်းကိုင်မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကို ယခုဘဏ္ဍာနှစ်အတွင်း မောက်လျန်၊ နောင်စံဖူး၊ မချီနု၊ ဆမ်ပွန်း၊ ဝမ်ဖတ်၊ ခိုဟင်၊ နောင်ခမ်း၊ ဝမ်လိုင်၊ ဆားတော၊ ဝမ်လုံကျေးရွာ ၁၀ ရွာတွင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် မိမိတို့ကျေးရွာ၏ ပကတိလိုအပ်ချက်များ ပါဝင်သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များကို မိမိတို့ကိုယ်တိုင်ရေးဆွဲပြီး စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀၊ ကျေးရွာပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်း၊ တံတား၊ မီးလင်းရေး၊ သောက်သုံးရေရရှိရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာများပံ့ပိုးကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ကျော်စိမ်းထံမှ သိရသည်။

 

ငြိမ်းသူ