မိုင်းယု၊ ၂၈ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့ လမ်းဦးစီးဌာနတို့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်(ပြင်/ထိန်း) ခွင့်ပြုရန်ပုံငွေများဖြင့် မိုင်းယောင်း-မိုင်းယု ကားလမ်းအား ကတ္တရာထပ်ပိုးလွှာ ခင်းကျင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၁ ရက်က စတင်ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါလမ်းခင်းရာတွင် ပြည်နယ်လမ်းဦးစီးဌာနမှ ကြီးကြပ်အင်ဂျင်နီယာ ဦးစီးအရာရှိ(မြို့ပြ) ဦးထက်ဝေတင့်၏ ကြီးကြပ်မှုဖြင့် မိုင်းယောင်းမြို့နယ် လမ်းဦးစီးဌာနမှ  တာဝန်ခံအင်ဂျင်နီယာ(၂) (မြို့ပြ) ဦးသန့်ဇင်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်(ပြင်/ထိန်း) ခွင့်ပြုရန်ပုံငွေ ကျပ်(၁၇၀)သန်းဖြင့် မိုင်းယောင်း-မိုင်းယု ကားလမ်းမ ၁၂ ဒသမ ၈၇ ကီလိုမီတာနှင့် ၁၃ ဒသမ ၈၇ ကီလိုမီတာကြားရှိ လမ်းအရှည် ၁၀၀၀ မီတာ၊ အကျယ် ၃ ဒသမ ၆၆ မီတာရှိသည့် ကတ္တရာထပ်ပိုးလွှာ ခင်းကျင်းမှုလုပ်ငန်းကို လည်းကောင်း၊ မိုင်းယုမြို့ လမ်းဦးစီးဌာနတို့မှ တာဝန်ခံအင်ဂျင်နီယာ(မြို့ပြ) ဦးဟန်ရည်ထွန်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်(ပြင်/ထိန်း) ခွင့်ပြုရန်ပုံငွေ ကျပ် (၁၇၁ ဒသမ ၇)သန်းဖြင့် မိုင်းယောင်း-မိုင်းယု ကားလမ်းမ ၁၃ ဒသမ ၈၇ ကီလိုမီတာနှင့် ၁၄ ဒသမ ၈၈ မီတာအကြားရှိ လမ်းအရှည် ၁၀၁၀ မီတာ၊ အကျယ် ၃ ဒသမ ၆၆ မီတာတို့ကို အသီးသီးတာဝန်ယူလျက် ကတ္တရာထပ်ပိုးလွှာ ခင်းကျင်းလျက်ရှိသည်။

 

မိုင်းယောင်း-မိုင်းယု ကားလမ်းသည် ယခင်က ကတ္တရာလမ်း ခင်းကျင်းထားခြင်းဖြစ်ပြီး နယ်စပ်ဒေသ ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ်က ကုန်တင်ယာဉ်များ၊ လိုင်းကားများနှင့် ဆိုင်ကယ်များ ရာသီမရွေး သွားလာလျက်ရှိကြောင်း၊ အဆိုပါ ကတ္တရာလမ်းမှာ ချိုင့်ခွက်များနှင့် အချို့နေရာများတွေမှာ ပျက်စီးမှုဖြစ်ပေါ်နေလျက်ရှိ၍ အဆိုပါ ချိုင့်ခွက်များနှင့် ပျက်စီးမှုများ မဖြစ်ပေါ်စေရန်အတွက် လမ်းဦးစီးဌာနမှ ယခုအခါ ကတ္တရာထပ်ပိုးလွှာ ထပ်မံခင်းကျင်းရခြင်းဖြစ်ပြီး ၎င်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ မတ်လကုန်ထိ အပြီးခင်းကျင်းသွားမည်ဖြစ်ကြောင်း သိရသည်။  

 

ကိုကိုနိုင်(ပြန်/ဆက်)