မုံရွာ၊ ၂၈ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကုန်းမြင့်လယ်ယာမြေ ဧက(၂၀၀)ကို ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကိုကိုထံမှ သိရသည်။

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မိရိုးဖလာစိုက်ပျိုးနည်းဖြစ်သော ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးနည်းစနစ်များဖြင့် အများဆုံး စိုက်ပျိုးလျက်ရှိသဖြင့် ရေရှည်တွင် သစ်တောဧရိယာ ဆုံးရှုံးမှုများပြီး သဘာ၀ပတ်ဝန်းကျင် ထိခိုက်မှုကိုလျှော့ချနိုင်ရန် ကုန်းမြင့်လယ်ယာမြေစနစ်ကို ဖော်ဆောင်လုပ်ကိုင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လက်ရှိလုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးနည်းစနစ်က သစ်တောတွေ ပြုန်းတီးတယ်၊ နောက်ဆက်တွဲအနေနဲ့ မြေဆီမြေလွှာတွေ ဆုံးရှုံးတဲ့အတွက် ရေရှည်မှာ စိုက်ပျိုးမြေ နေရာအခက်အခဲကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်လာမယ်။ ဒါကြောင့် ရေရှည်အသုံးပြုနိုင်ပြီး သစ်တောသစ်ပင်တွေကို ကာကွယ်ပြီးသားဖြစ်မယ်၊ ဒေသမှာလည်း အမြဲစိမ်းလန်းစိုပြည်နိုင်စေမဲ့ စိုက်ပျိုးနည်းစနစ်ဖြစ်တဲ့ ခေတ်မီ တောင်စောင်းစိုက်ပျိုးနည်းစနစ်ကို အကောင်အထည်ဖော်ဖို့ စီစဉ်ခြင်းဖြစ်ပါတယ်ဟု စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကိုကိုက ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကုန်းမြင့်လယ်ယာမြေဖြစ်သော ခေတ်မီ တောင်စောင်းစိုက်ပျိုးနည်းစနစ် ဧက(၂၀၀)ကို လဟယ်မြို့နယ်နှင့် လေရှီးမြို့နယ်များတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဖော်ဆောင်ပေးသွားမည် ဖြစ်ကြောင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကလည်း လဟယ်မြို့နယ်အတွင်း ဧက(၁၅၀)ကို ဖော်ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။     

 

ဝင်းဦး(ဇေယျာတိုင်း)