ရန်ကုန်၊ ၂၈ ဒီဇင်ဘာ
ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နေအိမ်တွင် နေထိုင်ရေးကြေညာထားသည့် အချိန်ကာလအတွင်း သင်္ဘောခရီးစဉ်များကို အသွား ၁၆ ခေါက်၊ အပြန် ၁၆ ခေါက်နှုန်းဖြင့် ပြေးဆွဲခဲ့ရပြီး၊ လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ လုပ်ငန်းခွင်အသီးသီးသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် ခရီးသည်များ စီးနင်းလိုက်ပါမှု များလာခြင်းကြောင့် ခရီးသည်များသွားလာမှု အဆင်ပြေချောမွေ့စေရေးနှင့် ခရီးသည်များစုပြုံမှု မဖြစ်ပေါ်စေရေးအတွက် သင်္ဘောခရီးစဉ်များကို အသွား ၃၄ ခေါက်၊ အပြန် ၃၄ ခေါက်နှုန်းဖြင့် ခေါက်ရေတိုးပြီး ယနေ့တွင် စတင်ပြေးဆွဲ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲ (စီမံ၊ ကွပ်ကဲ) မန်နေဂျာ ဦးကျော်ထူးအောင်က “ပန်းဆိုးတန်း-ဒလ သင်္ဘောဆိပ်ကမ်းအနေနဲ့ အခုရက်ပိုင်းက ခရီးသည်သွားလာမှု ပုံမှန်မရှိသေးဘူး၊ ရုံးပိတ်ရက်တွေမှာသာ ခရီးသည်စီးနင်းမှုများလို့ သင်္ဘောခေါက်ရေတိုးပြီးတော့ ပြေးဆွဲပေးတာဖြစ်ပါတယ်၊ အဓိက ရည်ရွယ်ချက်က ရေယာဉ်ခရီးစဉ် ၁ ခေါက်မှာ ခရီးသည်နည်းနည်းနဲ့ ပို့ဆောင်ပေးရင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းအောင်နဲ့ ခရီးသည်တွေ အဆင်ပြေစေဖို့အတွက် ဖြစ်ပါတယ်၊ ခုချိန်ထိ ခရီးသည် အရမ်းများလာတာတော့ မရှိဘူး၊ ဧရာဝတီတိုင်းကလည်း ရန်ကုန်တိုင်းအတွင်းကို ဝင်ထွက်သွားလာမှု ကန့်သတ်ထားတာ ရှိသေးတဲ့အတွက် ခရီးသည်နည်းပါတယ်၊ အဲ့ဒါကြောင့် သင်္ဘောခရီးစဉ်ကို အသွား ၃၄ ခေါက်၊ အပြန် ၃၄ ခေါက် နှုန်းကို ဒီနေ့ကစပြီးတော့ ခရီးသည်အဆင်ပြေစွာ သွားလာနိုင်ဖို့အတွက် ပြေးဆွဲပေးတာဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ သင်္ဘောဆိပ်ကမ်း၌ ဒီဇင်ဘာ ၂၈ ရက် နံနက်က စတင်ပြီး အစိုးရရုံးဖွင့်ရက်များကို နေ့စဉ် နံနက် ၅ နာရီခွဲမှ ည ၈ နာရီခွဲထိ အသွား ၃၄ ခေါက်၊ အပြန် ၃၄ ခေါက်နှုန်းဖြင့်လည်းကောင်း၊ စနေနေ့နှင့် တနင်္ဂနွေနေ့ ရုံးပိတ်ရက်များကို နံနက် ၆ နာရီမှ ည ၈ နာရီထိ အသွား ၂၂ ခေါက်၊ အပြန် ၂၂ ခေါက်နှုန်းဖြင့် သင်္ဘောခရီးစဉ်မျာအား ခေါက်ရေတိုးပြီး ပြေးဆွဲပေးသွားမည်ဖြစ်သည်။
လက်ရှိအချိန်တွင် စနေနေ့နှင့် တနင်္ဂနွေနေ့ ရုံးပိတ်ရက် ခရီးသည်စီးနင်းလိုက်ပါမှုအနေဖြင့် ၇၀၀၀ ဝန်းကျင်နှင့် ရုံးဖွင့်ရက်များတွင် ခရီးသည် ၁၁၀၀၀ ဝန်းကျင်ခန့် ကူးသန်းသွားလာလျက်ရှိပြီး ချယ်ရီရေယာဉ် (၃)စီးဖြင့် အလှည့်ကျ ပြေးဆွဲပို့ဆောင်ပေးလျက်ရှိသည်။ ကိုဗစ်မဖြစ်ပွားမီ ကာလများက အသွား ၄၆ ခေါက်၊ အပြန် ၄၆ ခေါက်နှုန်းဖြင့် သင်္ဘောခရီးစဉ်ပြေးဆွဲချိန်က တစ်ရက်လျှင် ခရီးသည် ၃၀၀၀၀ ဝန်းကျင် စီးနင်းလိုက်ပါကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)


