၂၈ ဒီဇင်ဘာ
လက်ဘနွန် နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ် ဖေဖော်ဝါရီလလယ်ပိုင်းမှာ စတင်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ တနင်္ဂနွေနေ့တွင် ထုတ်ပြန်ကြေညာပါတယ်။
Pfizer-BioNTech ထုတ် ဗိုင်းရပ်စ် ကာကွယ်ဆေးတွေအား ဖေဖော်ဝါရီလမှာ ပထမအကြိမ် လက်ခံရရှိမှာဖြစ်ကြောင်း၊ အဲဒီဆေး အရေအတွက်ဟာ နိုင်ငံလူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းအတွက် လုံလောက်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကမ္ဘာ့နိုင်ငံအားလုံး ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး ရရှိရေးအတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ COVAX အစီစဉ်ကနေ လက်ဘနွန် လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေး ရရှိမယ်လို့ သိရပေမယ့် ဘယ်ကုမ္ပဏီထုတ်ဆေးဆိုတာတော့ မသိသေးကြောင်း ဆိုပါတယ်။
လူဦးရေ ၆ သန်းနီးပါး နေထိုင်တဲ့ လက်ဘနွန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကို ဖေဖော်ဝါရီလက စတင်တွေ့ရှိရာ အခုဆိုရင် ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၇၁,၆၆၂ ဦးနဲ့ သေဆုံး ၁,၃၉၄ ဦးရှိကြောင်း သိရပါတယ်။
ခရစ္စမတ် မတိုင်မီကစပြီး ညမထွက်ရ အမိန့်ကို နံနက် ၃ နာရီသို့ ပြောင်းလိုက်ပြီး နိုက်ကလပ်တွေနဲ့ ဘားတွေအား ပြန်ဖွင့်ခွင့်ပေးခဲ့ပါတယ်။ အခုလို လုပ်ဆောင်တဲ့အတွက် အရေးပေါ် ကုသရေးဆောင်တွေမှာ လူနာတွေနဲ့ ပြည့်လာပြီးနောက် ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
နိုင်ငံရဲ့ တစ်ဝက်ကျော်သော လူဦးရေဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
MDN
ကိုးကား - AFP