ရန်ကုန်၊ ၂၈ ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် နှစ်သစ်ကူးတရားတော်အား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၇ ရက်အထိ ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၈ ရက်က ကျင်းပရေးကော်မတီထံမှ သိရသည်။

 

နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်အခမ်းအနားကို ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခြေတော်ရင်း ပြည်သူ့ဥယျာဉ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၄ နှစ်ဆက်တိုက် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောဂါဖြစ်ပွားမှုသည် အများဆုံးဖြစ်နေ၍ ဆရာတော်များဟောကြားမည့် တရားတော်များအား တိုင်းဒေသကြီးအတွင်းနှင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ပြည်သူများအနေဖြင့် ရုပ်သံလိုင်းများမှတစ်ဆင့် နာကြားနိုင်ရန်စီစဉ်ထားကြောင်း သိရသည်။

 

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၇ ရက်အထိ ညစဥ် ၇ နာရီခွဲမှစတင်၍ တရားတော်များ ဟောကြားမည်ဖြစ်ပြီး ဇန်နဝါရီ ၁ ရက်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၊ ဇန်နဝါရီ ၂ ရက်တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူဆရာတော် (Ph.D,D.Litt) ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ၊ ဇန်နဝါရီ ၃ ရက်တွင် (သ . စ . အ) ဓမ္မာစရိယ၊ ပါဠိပါရဂူ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ၊ ဇန်နဝါရီ ၄ ရက်တွင် (သ . စ . အ) ဓမ္မာစရိယ၊ အဂ္ဂမဟာအကျော် ယောဆရာတော် ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ၊ ဇန်နဝါရီ ၅ ရက်တွင် ဒီဃနိကာယအဂ္ဂဓမ္မာစရိယ တောင်စွန်းဆရာတော် ဓမ္မဘေရိဘဒ္ဒန္တဝိရိယ၊ ဇန်နဝါရီ ၆ ရက်တွင် ရွှေပါရမီ ဆရာတော် အရှင်ဆန္ဒာဓိက၊ ဇန်နဝါရီ ၇ ရက်တွင် ရဝေနွယ် - အင်းမဆရာတော် အရှင်ရာဇိန္ဒ တို့မှ ညစဉ် ၇ နာရီခွဲတွင် SKY NET BUDDHA Channel ၊ Fortune TV ရုပ်သံလိုင်းနှင့် မဟာဗောဓိ ရုပ်သံလိုင်းတို့မှ တိုက်ရိုက် (LIVE) ထုတ်လွှင့်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။

 

ဆရာတော်များအား နဝကမ္မအဖြစ်လှူဒါန်းလိုပါက KBZ Bank - 225,302,005,002,306,01 / AYA BANK - 005,322,201,000,4579 / Shwe Bank - 130,100,200,200,79200015 (ရုံးချုပ်) Account များနှင့် KBZ Pay - 09 785 001 238 / AYA Pay – 09 963 073 777 / Wave Money – 09 799 684 228 များသို့ ဆက်သွယ်ပေးပို့လှူဒါန်းနိုင်ကြောင်း သိရသည်။

 

ဆန်းကျော်ဦး (ပြန်/ဆက်)