နေပြည်တော်၊ ၂၈ ဒီဇင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁ ခုနှစ် လာမည့်နွေရာသီကာလ ရေပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ အစီအစဉ်များ ရေးဆွဲနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးများနှင့် အကြိုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၈ ရက်မွန်းလွဲပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က အစည်းအဝေးကို ၂၀၂၁ ခုနှစ် လာမည့်နွေရာသီ ကာလတွင် ရေပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ အစီအစဉ်များရေးဆွဲနိုင်ရေး၊ ယခင်နှစ်များအတွင်း တိုင်းဒေသကြီး၊ ပြည်နယ်များမှ ရေရှားပါးသည့် ကျေးရွာများအား သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများ၊ ယခုဘဏ္ဍာနှစ် ကျေးလက်ရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ rwsmis.com Website တွင် ကျေးလက်သောက်သုံးရေရရှိမှု အချက်အလက်များ ကောက်ယူဖြည့်သွင်းပြီးစီးမှုများ၊ အဆိုပါအချက်အလက်များ အပေါ်အခြေခံ၍ ကျေးလက် ရေရရှိရေး (၁၀)နှစ် စီမံကိန်းရေးဆွဲဆောင်ရွက်မည့် အစီအစဉ်များ ရေးဆွဲနိုင်ရေးအတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးလှခိုင်က ယခင်နှစ် နွေရာသီရေရှားပါး ကျေးရွာများတွင် ရေရှည်ရေရရှိရေးဆောင်ရွက် ပေးနိုင်ခဲ့မှုနှင့် rwsmis.com Website တွင် ကျေးလက်သောက်သုံးရေရရှိမှု အချက်အလက်များ ကောက်ယူဖြည့်သွင်းပြီးစီးမှု၊ အဆိုပါ အချက်အလက်များအပေါ် အခြေခံ၍ ကျေးလက်ရေရရှိရေး (၁၀)နှစ်စီမံကိန်း ရေးဆွဲဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက ရေရှားပါးကျေးရွာများအား ဆောင်ရွက်ပေးခဲ့မှု၊ ရေရရှိရေးအချက်အလက်များ ကောက်ယူပြီးစီးမှု၊ ယခုဘဏ္ဍာနှစ် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ လာမည့်နွေရာသီကာလ ရေရှားပါးပြတ်လပ်နိုင်သည့် ခန့်မှန်းကျေးရွာအခြေအနေများ၊ ကျေးလက်ရေရရှိရေး (၁၀)နှစ်စီမံကိန်း ရေးဆွဲမည့်အစီအစဉ်များ ဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ်တွင် ကျေးရွာပေါင်း ၈၆၀ ရွာ ရေဂါလံပေါင်း ၇ ဒသမ ၀၃ သန်း၊ ၂၀၁၇ ခုနှစ်တွင် ကျေးရွာပေါင်း ၅၂၇ ရွာ ရေဂါလံ ပေါင်း ၁၅ ဒသမ ၇၂သန်း၊ ၂၀၁၈ ခုနှစ်တွင် ကျေးရွာပေါင်း ၁၁၃ ရွာ၊ ရေဂါလံပေါင်း ၀ ဒသမ ၇၇ သန်း၊ ၂၀၁၉ ခုနှစ်တွင် ကျေးရွာပေါင်း ၃၈၉ ရွာ ရေဂါလံပေါင်း ၂ ဒသမ ၉၂ သန်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကျေးရွာ ပေါင်း ၃၄၇ ရွာ၊ ရေဂါလံပေါင်း ၃ ဒသမ ၅၇ သန်းအထိ ဦးစီးဌာနပိုင် ရေသန့်စင်ကား(၁၀)စီး၊ ရေသယ်ယာဉ်(၂၀)စီးဖြင့် သောက်သုံးရေဖြန့်ဝေပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အထိ ရေဖြန့်ဝေ ပေးခဲ့ရသည့် ကျေးရွာပေါင်းမှာ ၂၂၃၆ ရွာရှိခဲ့ပြီး အဆိုပါကျေးရွာများအနက် ကျေးရွာပေါင်း ၈၈၉ ရွာကို ၂၀၁၆−၂၀၁၇ မှ ၂၀၂၀−၂၀၂၁ ခုဘဏ္ဍာရေး နှစ်အထိ ရေရှည်ရေရရှိ ရေးနည်းလမ်းများဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ရေအရင်းအမြစ် (မြေပေါ်ရေ၊ မြေအောက်ရေ)မရှိသော ကျေးရွာများ၊ ရေအရည်အသွေးမကောင်းသော ကျေးရွာများအတွက် အခြားရေရရှိရေးနည်းလမ်းများဖြင့် ရေရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လာမည့်နွေရာသီကာလတွင် တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် မြို့နယ် ၈၆ မြို့နယ်ရှိ ကျေးရွာ ၃၄၇ ရွာတွင် ကြိုတင်ခန့်မှန်းချက်များအရ ရေပြတ်လပ်မှု ဖြစ်ပေါ်နိုင်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ကျေးလက်ရေရရှိရေးဌာန တာဝန်ခံ ညွှန်ကြားရေးမှူး ဦးလှခိုင်ထံမှ သိရသည်။
သတင်းစဉ်


