နေပြည်တော်၊  ၂၈  ဒီဇင်ဘာ

 

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျော်ဒန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာအလုပ်သမားများအား တဲလ်အဗီးမြို့ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း(MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင် ခဲ့ရာ ယနေ့နံနက် ၆ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် Jerash ကုမ္ပဏီတွင် အလုပ်လုပ်ကိုင် နေကြသည့် မြန်မာနိုင်ငံသား (၂)ဦး၊ Rich Pine ကုမ္ပဏီမှ (၁၇)ဦး၊ Century Miracle ကုမ္ပဏီမှ (၃၁)ဦး နှင့် Camel and Vega ကုမ္ပဏီမှ (၁၂၀)၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၇၂)ဦး လိုက်ပါခဲ့ကြသည်။

 

ထို့ပြင် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား လုပ်ငန်းရှင်များအဖွဲ့ချုပ် (MSESF)တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့်  ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၉ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိ ခဲ့ကြသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ (၅၈)ဦး၊ ဂျပန်မှ (၇)ဦး၊ ပြင်သစ်မှ (၁)ဦး၊ ဟောင်ကောင်မှ (၁)ဦး၊ ကိုလံဘီယာမှ (၆)ဦး၊ ဆီနီဂေါမှ (၂)ဦး၊ ဂျာမေကာမှ (၁၂)ဦး၊ အင်ဒိုနီးရှား (၁၇)ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၃)ဦး၊ ထိုင်းမှ (၃)ဦး၊ စင်ကာပူမှ (၁၄)ဦး၊ အီဂျစ်မှ (၁)ဦး၊ ဘရာဇီးလ်မှ (၂)ဦး၊ ပနားမားမှ (၄)ဦး၊ စပိန်မှ (၇)ဦး၊ မြန်မာသင်္ဘောသား စုစုပေါင်း (၁၃၈)ဦး လိုက်ပါခဲ့ကြသည်။

 

KZH_1178

 

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ/သတ်မှတ်ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု(၇)ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု (၇)ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။ 

 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသား များအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများ၊ သင်္ဘောကုမ္ပဏီများ/ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်