နေပြည်တော်၊  ၂၈  ဒီဇင်ဘာ

 

မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၆ ရက်ည ၈ နာရီခွဲတွင် မြိတ်မြို့နယ်၊ ရွာသစ်ကျေးရွာနေ မျိုးမြင့် ၏နေအိမ်သို့ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၆၀၀ ကိုလည်းကောင်း၊

 

ထို့အတူ ယင်းနေ့နံနက် ၉ နာရီခွဲတွင် အေးသာယာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ အောင်မျိုး(ခ)ဖိုးကူး၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ ၎င်းနှင့်အတူ ရဲမင်းသွေး(ခ)အီဗရာဟိန်းအားတွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၄,၂၅၀ ကိုလည်းကောင်း၊

 

အတူလားတူ ဒီဇင်ဘာ ၂၇ ရက် ညနေ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရွှေကူမြို့နယ်၊ ပူခိုင်ကျေးရွာသွားလမ်း၊ ပူခိုင်တံတားအနီးတွင် ကျော်ဝင်း မောင်းနှင်ပြီး ကျုံးမောင် လိုက်ပါလာသည့်  မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၈၅၀ ကိုလည်းကောင်း၊

 

ထို့အတူ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ်၊ နောင်အန်ကျေးရွာအုပ်စု၊ ခိုလုံကျေးရွာ၊ သီပေါ-နမ့်လန်သွားကားလမ်း၊ ခိုလုံတံတားအနီးတွင် မနန်းခမ်းမောဝ်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ကိုသိမ်းဆည်းရမိသဖြင့် ယင်းတို့အားမူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရအရေးယူထားကြောင်း  ရဲပြန်ကြားမှ သိရသည်။ 

 

(သတင်းစဉ်)