တောင်ကြီး၊ ၂၈ ဒီဇင်ဘာ
အာဆီယံအပေါင်း(၃) အရေးပေါ်ဆန်ရိက္ခာ (APTERR) အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံမှ ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ အလှူဒါန်းသည့် ဆန်တန်ချိန် (၅၄)တန်လှူဒါန်းပွဲကို ဒီဇင်ဘာ ၂၈ ရက် မွန်းတည့် ၁၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် အလှူရှင် ကိုရီးယားသမ္မတနိုင်ငံကိုယ်စား ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လက်ခံရယူ၍ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ကိုရီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ခံစားနေကြရသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ မွန်၊ ရှမ်းနှင့် ဧရာဝတီ စသည့် တိုင်းဒေသကြီး/ပြည်နယ် (၁၀)ခုရှိ ပြည်သူ ၆၀၂၇၂ ဦးအတွက် APTERR Tier-3 အစီအစဉ်အရ ဆန်တန်ချိန် (၆၀၀) အား လှူဒါန်းထားကြောင်း သိရသည်။
ဆန်လှူဒါန်းမှုမှာ ကချင်ပြည်နယ်အတွက် ဆန် (၄၈)တန်၊ ကယားပြည်နယ်အတွက် ဆန်တန် (၁၀)၊ ကရင်ပြည်နယ် အတွက် ဆန် (၅၃)တန်၊ ချင်းပြည်နယ်အတွက် ဆန် (၈)တန်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် ဆန် (၈၄)တန်၊ တနင်္သာရီတိုင်းဒေသကြီးအတွက် ဆန် (၂၄)တန်၊ မကွေးတိုင်းဒေသကြီးအတွက် ဆန်တန်ချိန် (၁၀၀)၊ မွန်ပြည်နယ် အတွက် ဆန် (၇၃)တန်၊ ရှမ်းပြည်နယ်အတွက် ဆန် (၅၄)တန်၊ ဧရာဝတီတိုင်းဒေသကြီးအတွက် ဆန် (၁၄၆)တန်၊ စုစုပေါင်း ဆန်တန်ချိန် (၆၀၀)ကို လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


