နေပြည်တော်၊ ၂၈ ဒီဇင်ဘာ
အားကစားကွင်းနှင့် အားကစားရုံ တည်ဆောက်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများကို နှစ်ပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများမှ အားကစားနှင့်ပညာရေးပေါင်းစပ် ကျောင်းအုပ်ကြီးများအနေဖြင့် သင်တန်းသား ကျောင်းသားများအတွက် ပညာရေးဆိုင်ရာဆောင်ရွက်ရာတွင် တွေ့ရှိရသည့်အခက်အခဲများ၊ လိုအပ်ချက်များနှင့် ပညာရေးတိုးတက်မြင့်မားစေရေးအတွက် ဆောင်ရွက်ရမည့် အစီအစဉ်ကိစ္စရပ်များ၊ ဝန်ကြီးဌာနအဆင့်၊ ဦးစီးဌာနအဆင့်မှ ကူညီပံပိုးရမည့်ကိစ္စရပ်များကို တင်ပြပေးရန်လိုအပ်ပါကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းများမှ သင်တန်းသားများအနေဖြင့် ကျောင်းပြီးသုံးချိန်တွင် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခု အနေဖြင့် လက်တွေ့ဘဝတွင် အဆင်ပြေနေထိုင် ဆောင်ရွက်နိုင်ရေးတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံသင်တန်းသားများ ပညာသင်ကြားရေး သင်ရိုးညွှန်းတမ်းအချိန်ဇယားနှင့် ပတ်သတ်၍ အားကစားနှင့် ပညာရေးပေါင်းစပ်ကျောင်းမှ တာဝန်ခံပညာရေး ကျောင်းအုပ်ကြီးများအနေဖြင့် (SOP) Guide Line တစ်ခုကို ပေါင်းစပ်ညှိနှိုင်းတင်ပြရန် လိုအပ်ပါကြောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနရှိ အင်ဂျင်နီယာများအနေဖြင့် အားကစားဆိုင်ရာ အဆောက်အဦးများ တည်ဆောက်ပြုပြင်ဆောင်ရွက်ရာတွင် ခေတ်စနစ်ကာလဒေသနှင့် ကိုက်ညီမှုရှိပြီး သဘာဝဘေးအန္တရာယ်အခြေအနေ၊ အရေးပေါ်အခြေအနေများတွင် ပြည်သူလူထုကို အကျိုးဖြစ် ထွန်းစေနိုင်မည့်အချက်များအား အင်ဂျင်နီယာအမြင်များဖြင့်ပါ ထည့်သွင်းတွက် ချက်စဉ်စားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ လွိုင်ကော်)၊ အားကစားနှင့် ပညာရေးပေါင်းစပ်ကျောင်းများမှ ပညာရေးတာဝန်ခံကျောင်းအုပ်ကြီးမျာနှင့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၊ လေ့ကျင့်ရေးကွင်း (၁,၂,၃,၄)၊ ရေကူးကန်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A,B,C) တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး က ပညာရေးတာဝန်ခံကျောင်းအုပ် ဆရာ/ဆရာမကြီးများအနေဖြင့် အားကစားနှင့် ကာယပညာသိပ္ပံပြိုင်ပွဲ၊ ပူးတွဲလေ့ကျင့်သင်တန်းများအတွက် Chapter Package၊ Distance Learning အစီအစဉ် များကိုပါ ထည့်သွင်းစဉ်စားသင့်ပါကြောင်း၊ အားကစားသိပ္ပံ ကျောင်းများမှ ပညာရေးတာဝန်ခံ ကျောင်းအုပ်ကြီးများ စုပေါင်း၍ ပညာရေးနှင့် ပတ်သက်သည့်(၅) နှစ်တာ plan ရေးဆွဲတင်ပြရန် လိုအပ်ပါကြောင်း အသက်မွေးဝမ်းပညာ သင်တန်းကျောင်း(TVET) တစ်ခုဖြစ်လာစေနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မသန်စွမ်း ကျောင်းများတွင်လည်း အားကစား ပညာသင်ကြားနိုင်ရေး ပြုလုပ်သင့်ပါကြောင်း။
အားကစားကွင်းနှင့် အားကစားရုံအဆောက်အဦများ အကြီးစားပြုပြင်မွမ်းမံရန် ၂၀၂၁-၂၀၂၂ ဘတ်ဂျက်တွင် ထည့်သွင်း ရေးဆွဲရမည်ဖြစ်ပါကြောင်း၊ အင်ဂျင်နီယာများအနေဖြင့် အားကစားကွင်းနှင့် အားကစားရုံ၊ အဆောက်အဦများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားကစားနည်းသတ်မှတ်ချက်နှင့် အမှန်တကယ် ကိုက်ညီမှုရှိခြင်းသာမက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ရေရှည်တည့်တံ့ခိုင်မြဲမှု (Eco System၊ Pollution၊ Substainable၊ Space Saving Programme Method၊ Energy Comsumption) စနစ်တို့ကိုကြည့်၍ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဒေသခံပြည်သူများနှင့် သင့်လျော်ကိုက်ညီ အကျိုးဖြစ်ထွန်းမှုကို လည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အင်ဂျင်နီယာများအနေဖြင့် အဆောက်အဦ ဆောက်လုပ်ခြင်းဆိုင်ရာ Creation နှင့်ပတ်သက်၍ အကြံပြုချက်များ ပေးစေလိုကြောင်းလိုအပ်ပါက မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် ပူးပေါင်း၍ အကြံပြုချက်များရယူရန် လိုအပ်ပါကြောင်း၊ အများပြည်သူများအတွက် Healthy and Safety ပတ်ဝန်းကျင်ဖြင့်အောင် ဖော်ဆောင်ရန်လိုအပ်ပါကြောင်း၊ (Wages၊ Material၊ Transport Link) များကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ အားကစားကွင်းနှင့် အားကစားရုံအဆောက်အဦ ကျင်းပပြုလုပ်ခဲ့သည့်ပွဲစဉ်၊ ပြိုင်ပွဲအဆင့်အတန်းများကို စနစ်တကျ မှတ်တမ်းထားရှိရန် လိုအပ်ပါကြောင်း၊ ထိုမှသာ အသုံးပြုမှု အချက်အလက်များကို အခြေခံ၍ အားကစားဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု သုတေသနပြုလုပ်ရာတွင် ပြန်လည်အထောက်အကူပြုစေနိုင်မည်ဖြစ်ပါကြောင်း၊ အားကစားကွင်းနှင့် အားကစားရုံအဆောက်အဦများ ပြင်ဆင်ပြုလုပ်ရာတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီသို့ ဆက်သွယ်၍ ပြိုင်ပွဲကြီးများ ကျင်းပပြီးစီးခဲ့သောနိုင်ငံများ၌ အားကစားကွင်းနှင့် အားကစားရုံထိန်သိမ်းပြုပြင် မွမ်းမံခြင်းဆိုင်ရာ နည်းစနစ်များကို လေ့လာသင့်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်


