နေပြည်တော်၊ ၂၈ ဒီဇင်ဘာ
လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) စာအုပ် မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ Virtual စနစ် ဖြင့် ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Video Message ပေးပို့၍ အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ကုလသမဂ္ဂလူဦး ရေရန်ပုံငွေအဖွဲ့(UNFPA)မှ ဌာနေ ကိုယ်စားလှယ်တို့က သက်ဆိုင်ရာနေရာများမှ Zoom Application ဖြင့် ချိတ်ဆက်တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Video Message ပေးပို့၍ အဖွင့်အမှာ စကားပြောကြားသည်။ (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အဖွင့်အမှာစကားကို သီးခြားဖော်ပြ ထားပါသည်။)
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ရေးဆွဲအတည်ပြုခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ ကနဦးညှိနှိုင်းဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကဏ္ဍတစ်ခုချင်းစီတွင်လုပ်ငန်းစဉ်များ၊ စီမံချက်များ၊ အဆင့်အဆင့်သော ပူးပေါင်းတာဝန်ယူဆောင်ရွက်ကြ မည့် ဝန်ကြီးဌာနများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများကို ဖော်ထုတ်ထားရှိပြီး သတ်မှတ်အချိန်ကာလနှင့် ဆောင်ရွက်ပြီးစီးအောင်မြင်မှုကို တိုင်းတာနိုင်သော အညွှန်းကိန်းများပါ ထည့်သွင်းထားပြီးဖြစ်ရာ လူငယ်များကိုယ်တိုင် ပါဝင်လျက် လက်တွေ့အပြောင်းအလဲများဖြစ်အောင် ဖော်ဆောင်နိုင်ခွင့်ရရှိနေသည့် အခြေအနေနှင့် လူငယ်တစ်ဦး တစ်ယောက်မျှမကျန်ရစ်စေဘဲ အားလုံးပူးပေါင်းပါဝင်နိုင်ခွင့်ရရှိ၍ ဘက်ပေါင်းစုံက ပံ့ပိုးကူညီထောက်ပံ့လက်တွဲဖော် ဆောင်ကြပြီး လူငယ့်ရေးရာမူဝါဒဆိုင်ရာ မဟာဗျူဟာစီမံချက်ကို အကောင်အထည်ဖော်ရာ၌ ကြုံတွေ့ရမည့်အခက်အခဲ များတွင် ယနေ့ကြုံတွေ့နေရသော ကိုဗစ်-၁၉ ဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ထည့်သွင်းစဉ်းစား၍ ရင်ဆိုင်ကျော်လွှား ရေးကို ရှင်းလင်းပြောကြားပြီး လူငယ်ရေးရာစီမံချက်ကို အကောင်အထည်ဖော်ရာတွင် ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ကို ပေါက်မြောက်အောင် မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် ညီညွတ်စွာ ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဤမဟာဗျူဟာစီမံချက်သည် လူငယ်များ၏ အနာဂတ်အတွက် လူငယ်ရေးရာမူဝါဒ၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များပြည့်မီရန် စစ်မှန်သောလမ်းကြောင်းများဖြင့် လမ်းခင်းပေးလိုက်ခြင်းပင် ဖြစ်ပါကြောင်း၊ လူငယ်ရေးရာ ကော်မတီဝင်များအားလုံးအနေဖြင့် ဤမဟာဗျူဟာစီမံချက်ကို သေချာစွာလေ့လာဖတ်ရှုသုံးသပ်ရန် လိုအပ်ပြီး မိမိတို့ အနေဖြင့် မည်သည့်နေရာ၊ မည်သည့်ကဏ္ဍ၊ မည်သည့်ပုံစံဖြင့် ပါဝင်ရမည်ကို စဉ်းစားသုံးသပ်ရမည်ဖြစ်ပါကြောင်း၊ လူငယ်များသည် လာမည့်နှစ်ကာလများတွင် မိမိတို့နိုင်ငံ ဖြစ်ပေါ်ပြောင်းလဲလာမည့် အခြေအနေများကို ပုံဖော်မည့် ပန်းပုဆရာများသဖွယ်ဖြစ်ပြီး လူငယ်များအနေဖြင့် နိုင်ငံ၏ အနာဂတ်ကိုပုံဖော်ရာ၌ ရှေ့သို့မျှော်မှန်းတွေးဆသည့် အမြင်များ၊ မျှတသော စဉ်းစားဆင်ခြင်ခြင်းနှင့် ဆုံးဖြတ်ခြင်းများဖြင့် ဆောင်ရွက် ကြစေလိုပါကြောင်း။
ဤမဟာဗျူဟာစီမံချက်ကို အကောင်အထည်ဖော်ရာ၌ တစ်ချိန်တည်းတွင် လူငယ်များအတွက် စွမ်းဆောင်ရည်မြှင့် တင်မှုသင်တန်းများနှင့် အရည်အသွေးမြှင့်တင်မှု ဆွေးနွေးပွဲများကို စနစ်တကျလုပ်ငန်းမူဘောင် (framework) များချမှတ်ကာ ပုံမှန်ဆက်လက် ပြုလုပ်သွားစေလိုပါကြောင်း၊ ဤမဟာဗျူဟာစီမံချက်သည် နိုင်ငံတော်ဘက်စုံ တိုးတက်မှုအတွက် လွန်စွာအရေးကြီးသည့် အဓိကရေသောက်မြစ်သဖွယ်ဖြစ်ပြီး သက်ဆိုင်သူတာဝန်ရှိသူများ အားလုံးအနေဖြင့် ဤမဟာဗျူဟာစီမံချက်၏ နိုင်ငံတော်အတွက်အရေးပါမှုကို အားလုံးက သိရှိနားလည်ကြရန် လိုအပ်ပါကြောင်း။
မဟာဗျူဟာစီမံချက်၏ ရည်မှန်းချက်များ ရရှိအောင်မြင်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် နည်းဗျူဟာများနှင့် လုပ်ငန်းစဉ်များသည် လက်တွေ့မြေပြင်တွင် အမှန်တကယ် အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းစဉ်များဖြစ်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ နေရာဒေသအသီးသီး၏ အခြေအနေ များသည် တူညီမှုမရှိသဖြင့် နေရာဒေသတစ်ခု၏ အခြေအနေအရပ်ရပ်နှင့် ကိုက်ညီဆောင်ရွက်သည့် လုပ်ငန်း နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များသည် အခြားနေရာဒေသတစ်ခုနှင့် ကွဲပြားမှုရှိနိုင်ပါကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လူငယ်များအကြား ကွန်ရက်ချိတ်ဆက်မှုများကို ပိုမိုတောင့်တင်းခိုင်မာစေလိုပြီး လူငယ်များအချင်းချင်းပံ့ပိုးခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံများနှင့် နည်းဗျူဟာများအား ဝေမျှခြင်းတို့ကို ဆောင်ရွက်စေလိုပါကြောင်း၊ မဟာဗျူဟာစီမံချက်တွင်ပါဝင်သော အညွှန်းကိန်း (indicator)များအတွက် လိုအပ်သော အချက်အလက် (data) များ အမှန်တကယ်ရရှိနိုင်ရေးအတွက်ကိုလည်း သုံးသပ်ဆောင်ရွက်စေလိုပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ချိန်တွင် မဟာဗျူဟာစီမံချက်တွင်ပါဝင်သည့် လုပ်ငန်းများအား မည်သည့်အတိုင်း အတာအထိ လုပ်ဆောင်နိုင်သည်၊ လုပ်ဆောင်ပြီးစီးနိုင်သည်နှင့် လုပ်ငန်းဆောင်ရွက်ချိန်တွင် တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများအား သိရှိစေနိုင်ရန်အတွက် စောင့်ကြည့်အကဲဖြတ်မှုစာရင်းပုံစံ (monitoring checklist) များဖြင့် သုံးသပ်စေလိုပါကြောင်း၊ ထို့ပြင် လုပ်ငန်းအခက်အခဲ၊ စိန်ခေါ်မှုများအား ကျော်လွှားဖြေရှင်းနိုင်ရေးအတွက် အသုံးချသုတေ သနများကိုပါ တွဲဖက်ဆောင်ရွက်စေလိုပါကြောင်း။
မဟာဗျူဟာစီမံချက် အကောင်အထည်ဖော်မှု ဆန်းစစ်သုံးသပ်ခြင်း (evaluation) အငယ်စားများကိုလည်း (၆) လ ခန့်လျှင်တစ်ကြိမ်လုပ်ဆောင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဘက်စုံဆန်းစစ်သုံးသပ်မှုကို (၂)နှစ်ခန့်လျှင် တစ်ကြိမ် လုပ်ဆောင်စေလိုပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စောင့်ကြည့်အကဲဖြတ်ခြင်းနှင့် ဆန်းစစ်သုံးသပ်ခြင်း (monitoring and evaluation) များမှ တွေ့ရှိချက်များနှင့် ကိုက်ညီပြီး ပြောင်းလဲနေသည့် အခြေအနေအရပ်ရပ်နှင့် လိုက်လျောညီထွေစွာဖြင့် နည်းဗျူဟာများနှင့် လုပ်ငန်းစဉ်များကို မွမ်းမံပြင်ဆင်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ဤမဟာဗျူဟာစီမံချက်အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာကဏ္ဍမှ အတတ်နိုင်ဆုံး ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရန်အတွက်လည်း တာဝန်ယူဆောင်ရွက်မည့် အဖွဲ့ငယ်တစ်ခု ဖွဲ့စည်းထားရှိမည်ဖြစ်ပါကြောင်း၊ ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လူငယ်ရေးရာကော်မတီဝင်များ အနေဖြင့် ဤမဟာဗျူဟာစီမံချက်၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ အောင်မြင်စေရေးအတွက် မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် သဘောထားကာ ဆက်လက်ဆောင်ရွက်ကြစေလိုပါကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်များ၌ ပါဝင်ဆောင်ရွက်လျက်ရှိသော လူငယ်များအား အထူးကျေးဇူးတင်ရှိပြီး နိုင်ငံ၏အရေးကိစ္စများနှင့် ပြည်သူများ၏အကျိုးတို့အတွက် လုပ်ငန်းများတွင် ဆက်လက်ပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့ Video Message ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားသော အချက်များတွင် ပညာရေးနှင့် ပတ်သက်သည့်လုပ်ငန်းများအားလုံးကို ပညာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းလမ်းညွှန်အဖြစ်ခံယူပြီး လူငယ်များ၊ တိုင်းရင်းသားလူငယ်များအားလုံးဖြင့် လက်တွဲပူးပေါင်းညီညွတ်စွာဖြင့် ယခုစီမံချက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ယခု အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်သည် တိုင်းရင်းသားလူငယ်များ၏ အနာဂတ်၊ ဂုဏ်သိက္ခာ မြှင့်မားနိုင်ရေး အတွက် ရေးဆွဲထားခြင်းဖြစ်ပြီး လက်တွေ့ကျကျ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်၊ တိုင်းရင်းသားလူ ငယ်များအားလုံး၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်မည်ဆိုပါက ပြည်ထောင်စုကြီး၏ ဂုဏ်သိက္ခာကိုလည်း မြှင့်တင်ပေးနိုင်ခြင်းပင် ဖြစ်ပါကြောင်း။
ကျန်းမာရေး၊ အာဟာရနှင့် အရည်အသွေးရှိသည့် ပညာရေးသည် များစွာအရေးကြီးပါကြောင်း၊ လူငယ်များ၏ ဘဝကိုမြှင့်တင်ပေးနိုင်ရန်ဆိုသည်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသွားသည့်အတိုင်း လူငယ်များအားလုံး သည် ကိုယ်ချင်းစာစိတ်ဖြင့် တစ်ဦးနှင့်တစ်ဦး ကူညီဖေးမဆောင်ရွက်တတ်ရန် အရေးကြီးပါကြောင်း၊ ပူးပေါင်း ဆောင်ရွက်တတ်ရန်အရေးကြီးသကဲ့သို့ တာဝန်ယူ၊ တာဝန်ခံပြီး တာဝန်ကျေပွန်စွာ ဆောင်ရွက်တတ်ရန်နှင့် ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိမှသာ အလုပ်ဟူသမျှ ကောင်းစွာလုပ်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အလုပ်အကိုင် ကောင်းကောင်းရရန် လူငယ်များ၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်အရေးကြီးပါကြောင်း။
သင်ယူခြင်းသည် ရတနာသိုက်ဖြစ်သည့်အတွက် ခေတ်နှင့်လိုက်လျောညီထွေဖြစ်သည့် ကျွမ်းကျင်မှုများနှင့် စွမ်းရည်ရရန်မှာ တစ်သက်တာသင်ယူမှုအတွက် များစွာအရေးကြီးပါကြောင်း၊ တစ်သက်တာ ပေါင်းစပ်သင်ယူမှု အခွင့်အလမ်းများအတွက် လူငယ်များကို ၂၁ ရာစု၏ ကျွမ်းကျင်မှုများ၊ ၂၁ ရာစု၏ စွမ်းဆောင်ရည်များဖြင့် လက်တွေ့ကျကျ မဟာဗျူဟာစီမံချက်ကို ညီညီညွတ်ညွတ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်မှာ ယခု မဟာဗျူဟာစီမံချက်တွင်ဖော်ပြထားသည့် Key Performance Indicator များကို ပြည့်မီအောင်ဆောင်ရွက်ပေး ခြင်းသည် လူငယ်များအတွက် အနာဂတ်လှပအောင်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း။
ထို့ကြောင့် ယင်းတို့ကို ဆောင်ရွက်သည့်အခါတွင် အားလုံးညီညွတ်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ပြည်ထောင်စုကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် တည်ဆောက်ထားသည့် ပြည်ထောင်စုကြီးဖြစ်သည့်အတွက် တိုင်းရင်းသား လူငယ်အားလုံး ညီညီညွတ်ညွတ် ရိုးသားကြိုးစားစွာဖြင့် တစ်သက်တာပေါင်းစပ် သင်ယူမှုအခွင့်အလမ်းများကို ၂၁ ရာစု ၏ ကျွမ်းကျင်မှု၊ ၂၁ ရာစု၏ စွမ်းဆောင်ရည်များကိုမြှင့်တင်၍ အနာဂတ်လှပသည့် တိုင်းရင်းသားလူငယ်များ ဖြစ်ကြပါစေဟုဆုမွန်ကောင်း ပို့သလိုက်ရပါကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂလူဦး ရေရန်ပုံငွေအဖွဲ့ (UNFPA) မှ ဌာနေကိုယ်စားလှယ် Mr.Ramanathan Balakrishnan က အမှာစကားပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့က မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီဝင်များဖြစ်ကြသည့် ကိုမျိုးသူစိုးနှင့် ကိုဝေယံထွန်းတို့ထံ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄)စာအုပ်ကို လွဲပြောင်းပေးအပ်သည်။
ထို့နောက် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) ရေးဆွဲခြင်းမှတ်တမ်း Video Clip ပြသပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်


