(ဒေါက်တာထွန်းမြင့်)

နေပြည်တော်၊ ၂၈  ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တစ်နေ့တစ်ခြား ကျဆင်းလာမှုနှင့်အတူ ကုသရေးစင်တာများနှင့် Quarantine စင်တာများတွင်လည်း ပိုးတွေ့လူနာများ၊ ရောဂါရှိသူနှင့် ထိတွေ့သူများ လျော့ပါးလာခဲ့ပြီဖြစ်ရာ ကုသရေးစင်တာ တချို့ပင် ပိတ်သိမ်းမှုများ ရှိနေခဲ့ပြီ ဖြစ်သည်။

 

ထိုသို့ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကျဆင်းလာခြင်း၊ ကုသရေးစင်တာတချို့ ပိတ်သိမ်းခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့် နှင့်တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ရပါသည်။

 

မေး။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကိုဗစ်-၁၉ ကုသရေးစင်တာတချို့ ပိတ်သိမ်းတယ်လို့သိရပါတယ်၊။ ဒီလိုပိတ်သိမ်းရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး သိချင်ပါတယ်။

ဖြေ ။ ။ အခုလ ဒီဇင်ဘာ ၂၆ ရက်နေ့အထိဆိုရင် အရပ်ဘက်မှာရှိတဲ့ ကုသရေးစင်တာ ၁၅ ခုထဲက ယဉ်ကျေးမှု တက္ကသိုလ်ဆိုရင်  လူနာတစ်ယောက်မှ မရှိတော့ဘူး။ ဒေသန္တရ ဗိမာန်၊ ရန်ကင်းစင်တာတွေမှာလည်း လူနာမရှိသလောက် ဖြစ်သွားပြီ။ ဒါတွေက ပိတ်ရတဲ့အခြေအနေကို ရောက်လာတာပါ။ ဒီနေ့ဆိုရင် လူနာ ၃၈၆၁ ဦးပဲ ရှိတယ်။ ရန်ကုန်တိုင်း ထဲက ဆေးရုံ ၄၆ ရုံအပါအဝင် ဆိုရင် ၈၈၄ ဦးရှိတယ်။ အရင်က လူဦးရေ သောင်းကျော် ရှိရာကနေ အခုဆို ဒီလောက်အထိ ထိုးဆင်းသွားတယ်။

 

တပ်မတော်ဘက်မှာဆိုရင်လည်း ကိုဗစ်-၁၉ ကုသရေးနေရာ ခုနှစ်နေရာရှိပါတယ်။ အဲ့ဒီဘက်မှာ ခုတင် ၆၄၀ ရှိတယ်။ အားလုံးပေါင်းလိုက်ရင် ရန်ကုန်တစ်တိုင်းလုံးမှာ အတည်ပြုလူနာ ၅၃၈၅ ဦးရှိပါတယ်။ အတည်ပြု လူနာထားနိုင်တဲ့ ပမာဏရဲ့ သုံးပုံတစ်ပုံ လောက်ပဲ လူနာက ရှိပါတော့တယ်။ လူနာနည်းတယ်ဆိုရင် ပိုပြီး ဝန်ဆောင်မှုပေးနိုင် အောင် ကုသမှုပေးနိုင်အောင် တချို့ကုသရေးစင်တာတွေက ပေါင်းဖြစ်သွားတာပေါ့။ ဒါကကုသရေးစင်တာတွေရဲ့ ပိတ်သိမ်းရတဲ့ အကြောင်းအရင်း အခြေအနေဖြစ်ပါတယ်။

 

မေး။ ။ Quarantine စင်တာတွေမှာ လူနာတွေကို စောင့်ရှောက်ဖို့ မဖြစ်နိုင်တော့လို့ ပိတ်သိမ်းရတော့မယ်ဆိုတဲ့ အသံတွေလည်း ကြားနေရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးပါ။ 

ဖြေ။ ။ Quarantine စင်တာတွေအနေနဲ့ ပြောရမယ်ဆိုရင် Quarantine  ထားတာက အဓိကအားဖြင့် ဆောင်ရွက်တာ ၂ နေရာရှိပါတယ်။ တစ်ခုက ဟိုတယ် Quarantine။ နောက်တစ်ခုက Facility Quarantine  ဆိုပြီး ရှိပါတယ်။ ဟိုတယ်  Quarantine မှာ ဆိုရင် ဟိုတယ် ၅၇ ခုမှာလူဦးရေ ၁၃၀၀ကျော်ပဲ ရှိတော့တယ်။ Facility Quarantine   ၂၃ ခုမှာ ဆိုရင် လူဦးရေ ၈၀၀ ကျော်ပဲ ရှိတော့တယ်။ အခုဆို Quarantine စင်တာတွေမှာ လူဦးရေ ၂၀၀၀ ကျော်ပဲ ရှိတော့တယ်။ Quarantine စင်တာတွေကို ပိတ်လိုက်တာတော့ မဟုတ်ဘူး။ Quarantine မှာ ဝင်တဲ့လူဦးရေက လျော့နည်းလာတယ်။ ဒီအခြေအနေကြောင့်ပါပဲ။

 

ဒီနေရာမှာ Community Based Facility Quarantine တွေ မြို့နယ်တွေမှာ ရှိသေးတယ်။ မြို့နယ် ကိုဗစ်ကော်မတီတွေရဲ့ ဦးဆောင်မှုနဲ့  ဆောင်ရွက်နေတဲ့ ဒီဟာတွေက လည်း ဒီနေ့အထိဆိုရင် ရန်ကုန်တစ်တိုင်းလုံးမှာ ၁၆၃ ခု ရှိနေပါသေးတယ်။ အဲ့ဒီမှာ Quarantine ဝင်နေတဲ့သူတွေက ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့တဲ့သူတွေ ၂၅၇၉ ဦး ရှိနေပါ တယ်။ အနံ့ပျောက်စင်တာတွေဆိုလည်း ရာကျော်ရှိရာကနေ အခုဆိုရင် ၅၃ နေရာပဲ ရှိတော့တယ်။ လျော့လာပြီ။ အဲ့ဒီ အနံ့ပျောက်စင်တာ ၅၃ ခုမှာ လူနာက အခုဆို ၂၅၇ ဦး ပဲရှိတော့တယ်။ လူနာတွေကို စောင့်ရှောက်ဖို့ မဖြစ်နိုင်တော့လို့ Quarantine စင်တာတွေ ပိတ်တော့မယ်ဆိုတာ မဟုတ်ပါဘူး။

 

မေး ။ ။ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု အခြေ အနေကို သိချင်ပါတယ်။

ဖြေ ။ ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုက လျော့ကျ သွားတယ်။ သေဆုံးမှုနှုန်းကလည်း ကျဆင်းသွားပါတယ်။ ကူးစက်မှုလည်း ကျဆင်း သွားတဲ့ အခြေအနေကြောင့် Quarantine စင်တာတွေမှာလည်း အနီးကပ်ထိတွေ့သူတွေ ဝင်ရောက်တာတွေ လျော့နည်းသွားပါတယ်။ ကုသရေးစင်တာတွေဆိုရင်လည်း ပိုးတွေ့ လူနာတွေ တစ်ဖြည်းဖြည်း လျော့ကျလာပါတယ်။ လျော့ကျလာတဲ့ အခြေအနေ ကိုကြည့်ရင်  အရင်က ရန်ကုန်တိုင်းက တစ်နိုင်ငံလုံးရဲ့ ၉ဝ ရာခိုင်နှုန်း လောက်က ရောဂါ ကူးစက်မှု ပိုးတွေ့ရှိရတဲ့ အခြေအနေကနေ အခုဆိုရင် တစ်နိုင်ငံလုံးရဲ့ ၆၉ ရာခိုင်နှုန်း ကူးစက်မှုပဲ ရှိပါတော့တယ်။

 

အကြောင်းရင်းကတော့ ရန်ကုန်တိုင်းက ကူးစက်မှုလျော့ကျ သွားတာလည်း ပါသလို လက်ရှိမှာ တခြားပြည်နယ်နှင့် တိုင်းက ရောဂါကူးစက်မှုနှုန်း များလာတာကြောင့် လည်း ပါပါတယ်။  အခုဆိုရင် တခြားတိုင်းနဲ့ ပြည်နယ်တွေက ၃၁ ရာခိုင်နှုန်း၊  ရန်ကုန် တိုင်းက ၆၉ ရာခိုင်နှုန်း ရှိပြီဖြစ်ပါတယ်။ ကိန်းဂဏန်းအရ ပြောရရင်တော့  ဒီဇင်ဘာ ၂၃ ရက်ထိ စာရင်းဇယားတွေအရ ပိုးတွေ့လူနာက တစ်နိုင်ငံလုံးဆိုမှာ ၁၁၈၈၆၉ ဦးဖြစ်ပြီး အဲ့ဒီထဲမှာ ရန်ကုန်တိုင်းက ၈၁၆၆၀၊ တစ်ခြားပြည်နယ်နဲ့ တိုင်းတွေက ၃၇၂၀၉ဦး ရှိပါ တယ်။ ရန်ကုန်တိုင်းအနေနဲ့ ပိုးတွေ့ရှိမှုနှုန်း သာမက ကိုဗစ်-၁၉ ရောဂါကြောင့်  သေဆုံး မှုမှာလည်း ၂ပတ်အတွင်း လျော့ကျသွားတာတွေ တွေ့ရှိရပါတယ်။

 

မေး ။ ။ အခုလို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းသွားရတဲ့ အကြောင်းရင်း ကိုလည်း သိချင်ပါတယ်။

ဖြေ ။ ။ ကျွန်တော်တို့ နဂိုကလည်း ပြောနေပါတယ်။ ဆောင်းရာသီကို ဝင်လာတော့မယ် ဆိုရင် Virus တွေက ကူးစက်ပြန့်ပွားမှုတွေ များလာမယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ညွန်ကြားထားတာရှိတယ်။ ဒါနဲ့တစ်ဆက်တည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း မျက်ခြေမပျက် ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေ အရှိန်မြင့်ဆောင်ရွက်ဖို့ ညွှန်ကြားတာတွေရှိပါတယ်။ တောက်လျှောက် ညွှန်ကြားတဲ့အခါကျတော့ ရန်ကုန်တိုင်းဆိုတာ လူဦးရေ ထူထပ်တဲ့အပြင် စီးပွားရေးမြို့တော်လည်း ဖြစ်တယ်။ ဆေးကုသတဲ့ အဆင့်မီ ဆေးရုံကြီး တွေကလည်း ရန်ကုန်မှာ အများဆုံးရှိကြပါတယ်။ ကူးစက်မှုကလည်း လူဦးရေ ထူထပ်တဲ့အတွက် သဘာဝအလျောက် ကျွန်တော်တို့ကအများဆုံး။ တစ်နိုင်ငံလုံးရဲ့ ကိုဗစ်ကို ထိန်းချုပ်နိုင်ဖို့ဆိုရင် ရန်ကုန်ကိုထိန်းချုပ်နိုင်မှ ရမယ်။ အဲ့ဒါကြောင့် ရန်ကုန်မှာ အရှိန်မြင့်ပြီး ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်။ အဲ့ဒီလို အရှိန်မြှင့် ဆောင်ရွက်တဲ့အခါမှာ နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး လူထုလှုပ်ရှား မှုကြီးတစ်ခု အစပျိုးခဲ့တယ်။ လူစည်ကားရာ နေရာတွေမှာ Mask တပ်ဖို့၊ Face Shield တပ်ဖို့ ကမ်ပိန်းလုပ်တယ်။ အခမဲ့ပေးဝေတယ်။ လက်ကိုင်စပီကာတွေနဲ့ ကျန်းမာရေး အသိပညာပေးတွေ လုပ်ပါတယ်။ လက်ကမ်းစာစောင်တွေ ဝေတယ်။ အဲ့ဒီလိုဆောင်ရွက်ရင်း ၂ ပတ်ကျော်တဲ့အခါမှာ ရောဂါကူးစက်မှု သိသိသာသာ ကျဆင်းလာတာ တွေ့ရပါတယ်။

 

ကျန်းမာရေး အသိပညာပေးတွေ အရှိန်မြင့်ဆောင်ရွက်ရင်း ပြည်သူလူထုက အထိုက်အလျောက် လိုက်နာလာတာ တွေ့ရတယ်။ အရင်ကထက်စာရင် Mask တပ် လာကြတယ်။ လူအုပ်စု လုပ်ရမှာလည်း ကြောက်လာကြတယ်။ ပြည်သူလူထုက လိုက်နာ လာကြတဲ့အတွက် ရောဂါကူးစက်မှု ကျဆင်းလာတယ်လို့ သုံးသပ်လို့ရပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ်တောက်ဖို့ကတော့ ပြည်သူလူထု အစွမ်းကုန်လိုက်နာမှ ရမယ်။ Mask တပ်ပါ။ လက်ဆေးပါ။ ခပ်ခွာခွာနေပါ။ ဒါတွေကိုလိုက်နာဖို့ တစ်ဦးကိုတစ်ဦးလည်း သတိပေးပါ။ အသိပေးပါ။ ဒါကို ထပ်ကာတလဲလဲ အမူအကျင့် ပြောင်းလဲတဲ့အထိ ဆောင် ရွက်လိုက်ကြမယ်ဆိုရင် ကိုဗစ်-၁၉ ကူးစက်မှု လျော့ကျတဲ့ အခြေအနေကနေ ပြတ် တောက်နိုင်တဲ့ အခြေအနေအထိ ရောက်လာမယ်လို့ မျော်မှန်းပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ ပြည်သူလူထု ပူးပေါင်းပါဝင်မှုက အားကောင်းဖို့လိုပါတယ်။ ရောဂါ ပိုး ကူးစက်မှုကျဆင်းတဲ့ အကြောင်းအရင်းကို ပြောရင်တော့ ပြည်သူလူထု ပူးပေါင်း ပါဝင်လို့ ကျဆင်းတယ်လို့ သုံးသပ်ရမှာပါ။

 

မေး ။ ။ ဖြည့်စွက် ပြောကြားစရာရှိရင်ပြောကြားပေးပါ။

ဖြေ ။ ။ ကိုဗစ်-၁၉ ကာကွယ်ဆေး ရခဲ့ရင်တောင် ကိုဗစ်-၁၉ရောဂါက ကမ္ဘာပေါ်ကနေ ပျောက်သွားမယ့် အခြေအနေ မရှိသေးပါဘူး။ ရာသီတုပ်ကွေးလိုပဲ ကိုဗစ်နဲ့အတူ နေထိုင် သွားကြမယ့် အခြေအနေတွေလည်းပဲ ရှိနေပါတယ်။ ကိုဗစ်ကလည်း ကျွန်တော်တို့ ဘေးနားမှာ ရှိနေတယ်။ နေထိုင်မှုပုံစံကလည်း အရင်းအတိုင်းပဲဆိုရင် မရဘူး။ မရဘူးဆိုတော့ New Normal Life Style နဲ့ နေသွားကြရတော့မယ်။ အရင်လူနေမှု ပုံစံအတိုင်း သွား နေကြ မယ်ဆိုရင် ရောဂါကူးစက်မှုက မြင့်မားနေအုန်းမှာ ဖြစ်ပါတယ်။ ဘေးနားမှာတော့ ကိုဗစ်ပိုးကရှိတယ်။ ဒီရောဂါပိုး ကူးစက်မခံရအောင် လူနေမှု ပုံစံအသစ်နဲ့ သွားကြ ရတော့မယ်။ ဒါ ကျွန်တော်တို့ရဲ့ New Normal Life Style ပါပဲ။

 

New Normal Life Style ထဲမှာ အဓိကအချက်က ၃ ချက်ပဲပါတယ်။ Mask တပ်ပါ။ လက်ဆေးပါ။ ခပ်ခွာခွာနေပါ။ အဲ့ဒီအထိ ရောက်တဲ့အချိန်ကျမှ ကျွန်တော်တို့ရဲ့ စီးပွားရေး လုပ်ငန်းတွေလည်း ပုံမှန်လည်ပတ်နိုင်တော့မှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ပုံမှန် လည်ပတ်တော့မယ်ဆိုရင် ကိုဗစ်ကလည်း အနားမှာရှိနေတယ်။ အလုပ်တွေ ရပ်ထား ရမယ်ဆိုတာ မဟုတ်ဘူး။ ကိုဗစ်ကို ရင်ဆိုင်ဖို့ New Normal နဲ့ သွားကြရတော့မယ်။ Mask တပ်ပါ။ လက်ဆေးပါ။ ခပ်ခွာခွာနေမယ်။ ဒါကိုအားလုံးက အလေ့အထကောင်းတွေ ရှိနေပြီဆိုရင်တော့ New Normal Life Style နေသွားကြမယ်။ ပြည်သူလူထု အမူအကျင့် ပြောင်းလဲရေးထိ ဆောင်ရွက်နေပါတယ်။

အခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

(တွေ့ဆုံမေးမြန်း- သီသီမင်း၊ မင်းသစ်(MNA)/ ဓာတ်ပုံ-ဥဂ္ဂါဖြိုး)