ရှမ်းရွာသစ်၊ ၂၉ ဒီဇင်ဘာ
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာနှင့် မဲသမူးခီးကျေးရွာကို ဆက်သွယ်ထားသော ကျေးရွာချင်းဆက် မြေသားလမ်း ဖောက်လုပ်ခြင်းကို ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ်ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လူထု ဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေကျပ် သိန်း (၂၁၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အရှည် ပေ (၄၅၀၀)၊ အကျယ်(၂၅)ပေရှိ ကျေးရွာချင်းဆက်လမ်းကို စီမံကိန်းတာဝန်ရှိသူများနှင့် ကျေးရွာ ပြည်သူ လူထုတို့ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် ပြီးစီးမည်ဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ရှမ်းရွာသစ်မြို့အတွင်းရှိ ကျေးရွာ များမှ ဒေသတစ်ခုမှတစ်ခုသို့ ပိုမိုလွယ်ကူစွာသွားလာနိုင်ပြီး ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် လာခြင်းကြောင့် မဲသမူးကျေးရွာအုပ်စုရှိ အိမ်ခြေပေါင်း(၁၄၂)အိမ်နှင့် အိမ်ထောင်စုပေါင်း (၁၈၈)စုတို့၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)


