စေတုတ္တရာ၊ ၂၉ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်လျှပ်စစ်ရုံးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာ(၂၂)ရွာတွင် လျှပ်စစ်မီးလင်းရေးဆောင်ရွက် လျက်ရှိရာ ကြီးဝကျေးရွာတွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြီးဝကျေးရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းအား တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၆၃ ဒသမ ၅)သန်းဖြင့် အရှည် ၂ ဒသမ ၀၂ မိုင်ရှိသော 11kv ဓာတ်အားလိုင်းနှင့် 11/0.4 kv 100 kva Transformer တစ်လုံးတပ်ဆင်ခြင်းလုပ်ငန်းအား မြို့နယ်လျှပ်စစ်ရုံးမှ မတ်လ ၂၁ ရက်ကစတင်၍ တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးဖြစ်ကြောင်းနှင့် မကြာမီ လျှပ်စစ်ဓာတ်အားစတင် ပို့လွှတ်နိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ရုံးမန်နေဂျာ ဦးညိုဝင်းသန့်ထံမှ သိရသည်။
ကျေးရွာတွင်း လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးသောကြောင့် ကြီးဝကျေးရွာအတွင်းရှိ အိမ်ထောင်စု (၁၀၈)စုမှ လူဦးရေ (၄၀၃)ဦးအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)


