ဆိပ်ဖြူ ၊ ၂၉ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ချောင်းမကြီးကျေးရွာထွက် ဆောင်းသီးနှံ ရာသီစာကုန်စိမ်း ပန်းမုန်လာများ လှိုင်လှိုင်ပေါ်ထွန်းသည့်ကာလဖြစ်သည့်အတွက် ပန်းမုန်လာစိုက်ပျိုးသူများ အဆင်ပြေကြကြောင်း သိရသည်။
ဆိပ်ဖြူမြိူ့နယ်ချောင်းမကြီးကျေးရွာမှ ဒေသခံပြည်သူများသည် မိမိတို့ပိုင်ဆိုင်သည့် ဥယျာဉ်ခြံမြေများတွင် ရာသီအလိုက် ကုန်စိမ်းသီးနှံများကို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်၍ ဆိပ်ဖြူမြို့နှင့် ချောက်မြို့ဈေးများသို့ ရောင်းချလျက်ရှိပြီး လက်ရှိအချိန်တွင် ပန်းမုန်လာများကို ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေအတွက် အဆင်ပြေကြကြောင်း သိရှိရသည်။
ပန်းမုန်လာကိုစိုက်ပျိုးရန် ဝါဆိုလနှင့် ဝါခေါင်လတို့တွင် စတင်၍ နွားချေး၊ နှမ်းဖတ်မြေဩဇာများကို စိုက်ပျိုးမြေ၌ ထည့်သွင်းအသုံးပြု၍ မြေပြင်ခြင်း၊ ပျိုးထောင်ခြင်းများဆောင်ရွက်ကြပြီး တော်သလင်းလတွင် မြေချ စိုက်ပျိုးခဲ့ကြကြောင်း၊ တန်ဆောင်မုန်းလကုန်ပိုင်းတွင် စတင်ပေါ်ပြီး နတ်တော်လတွင် ပန်းမုန်လာများ လှိုင်လှိုင်ပေါများပြီး ရောင်းချနေရကြောင်း၊ ပန်းမုန်လာစိုက်ပျိုးရာတွင် သဘာ၀မြေဩဇာများကို အဓိကထားသုံးစွဲစိုက်ပျိုးပြီး ဓာတုဆေးဝါးများကိုသုံးစွဲမှုနည်းကြောင်း၊ စားသုံးသူပြည်သူများ ဓာတု ပိုးသတ်ဆေး ဓာတ်ကြွင်းများ မခံစားရစေရန် စတင်ပွင့်သည့်အချိန်တွင် ဓာတုပိုးသတ်ဆေးများ သုံးစွဲထားခြင်း မရှိကြောင်း၊ လက်ရှိဈေးကွက်တွင် ပန်းမုန်လာ သုံးပွင့်လျှင် ကျပ် ၁၀၀၀ နှုန်း၊ အပွင့်ကြီးတစ်ပွင့် ကျပ် ၅၀၀ ကျပ်နှုန်းဖြင့် အပွင့် အကြီးအသေးပေါ်မူတည်၍ ရောင်းချရပြီး ဖောက်သည်ဈေးမှာ ပန်းပွင့်အပေါ်မူတည်၍ ကျပ် ၂၀၀ မှ ၃၀၀ အထိရှိကြောင်း၊ ယခု အနေအထားအရ စိုက်ပျိုးရောင်းချသူများ ဈေးကွက်အနေအထားဖြင့် အဆင်ပြေပြီး အခြားအရပ်ဒေသမှ ပန်းမုန်လာများ ဝင်ရောက်လာလျှင် ဈေးရရှိမှုနည်းသွားနိုင်ကြောင်း ပန်းမုန်လာ စိုက်ပျိုးရောင်းချသူများထံမှ သိရသည်။
ကိုဇွဲ(အညာမြေ)


