ဂန့်ဂေါ ၊ ၂၉ ဒီဇင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ရဲလှကျေးရွာနှင့် စိုင်ဒူကျေးရွာတို့တွင် ရန်ပုံငွေကျပ် ၉၅ ဒသမ ၀၄ သန်း အသုံးပြု၍ လယ်ယာဧက ၁၅၀၀ မှ ထွက်ရှိသာ ရာသီချိန်သီးနှံများ အချိန်မီ စိုက်ပျိုး ထုတ်လုပ်ပြီး စျေးကွက်သို့တင်ပို့ရောင်းချနိုင်ရန် ကျေးလက်ကုန်ထုတ်လမ်း ၂ လမ်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

“ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ကျေးလက်ကုန်ထုတ်လမ်းတွေကို ၂၀၁၈ ခုနှစ် ပထမ ၆ လဘတ်ဂျက်ကစတင်ပြီး အဆင့်မြှင့်တင်ဖောက်လုပ်ပေးနေတာပါ။ ယခင်က ကုန်ထုတ် လမ်းတွေ မရှိတဲ့အခါမှာ စိုက်ပျိုးတဲ့သီးနှံတွေကို စျေးကွက်ကို တင်ပို့ရောင်းချတဲ့အခါမှာ ကုန်ကျစရိတ် များပြားပါတယ်။ ကုန်ထုတ်လမ်းတွေရှိလာတဲ့အတွက်ကြောင့် ထွက်ကုန်သီးနှံတွေကို စျေးကွက်ကို အချိန်ကုန်သက်သာစွာ ရာသီမရွေးတင်ပို့ရောင်းချလာနိုင်ပါတယ်” ဟု ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်မြသက်ထွေးက ရှင်းပြသည်။

ဂန့်ဂေါမြို့နယ်အတွင်း ရဲလှကျေးရွာတွင် အရှည် ၂ မိုင် ၄ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၉ လက်မရှိ ကျောက်ရောမြေဖြန့်ခင်း၍ မြေနီကျောက်စရစ်တင်ခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ် Box Culvert  တစ်စင်း တည်ဆောက်ခြင်း ၊ စိုင်ဒူကျေးရွာတွင် အရှည် ၁ မိုင် ၂ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ၉ လက်မရှိ ကျောက်ရောမြေဖြန့်ခင်း၍ မြေနီကျောက်စရစ်တင်ခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ် Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၉၅ ဒသမ ၀၄ သန်းဖြင့် တင်ဒါအောင်မြင်သော မြစ်သာဂန့်ဂေါကုမ္ပဏီမှ နိုင်၀င်ဘာ ၂၅ ရက်က စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကုန်ထုတ်လမ်း ၂ လမ်း ဆောင်ရွက်ပြီးပါက ရဲလှကျေးရွာနှင့် စိုင်ဒူကျေးရွာတို့အနီးရှိ လယ်ယာဧက ၁၅၀၀ ကျော်က ထွက်ရှိသော ထွက်ကုန်သီးနှံများအား စျေးကွက်သို့ ရာသီမရွေး အချိန် ကုန်သက်သာစွာ တင်ပို့ရောင်းချနိုင်တော့မည်ဖြစ်ပါကြောင်း သိရသည်။

ဝင်းမောင်(မကွေး)