နေပြည်တော် ၂၉ ဒီဇင်ဘာ

 

နိုင်ငံတော်၏ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒနှင့်အညီ ပြည်ပအကူအညီ အထောက်အပံ့၊ နည်းပညာနှင့် ချေးငွေရယူရေးကိစ္စရပ်များနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မဟာဗျူဟာကျကျ သုံးသပ်နိုင်ရေးနှင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ထည့်သွင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ တာဝန်ယူရမည့် လုပ်ငန်းများအလိုက် ဖော်ထုတ်သတ်မှတ်နိုင်ရန် မဟာဗျူဟာကျ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များ (Strategic Coordination Groups- SCGs)  ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည့် အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ပါ နိုင်ငံ၏ အမျိုးသားအဆင့် ဖွံ့ဖြိုးမှုဦးစား‌ပေးများ၊ မဟာဗျူဟာများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ဖွံ့ဖြိုးမှုအကူအညီများကို လက်ခံရယူ စီမံခန့်ခွဲရာ၌ MSDP နှင့် ပိုမိုကိုက်ညီစေရန်၊ ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ (DACU) မှ မဟာဗျူဟာကျကျ သုံးသပ်နိုင်ရန်တို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် တာဝန်ယူဖွဲ့စည်းရမည့် မဟာဗျူဟာ ညှိနှိုင်းရေးအဖွဲ့ Strategic Coordination Groups များအား သတ်မှတ်ပေးထားသည့် ဝန်ကြီးဌာနအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း၍ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက်၊ ဖွံ့ဖြိုးမှုအကူအညီများကို အလေးထားသုံးသပ် ဆောင်ရွက်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်