နေပြည်တော်၊ ၂၉ ဒီဇင်ဘာ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အတွင်း သစ်တောဦးစီး ဌာနမှဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးမြို့နယ်၊ ကလေး-တမူးကားလမ်း၊ မိုင်တိုင်အမှတ် 66 KM နှင့် မထုကြိုးဝိုင်း အကွက်အမှတ် (၅၁၊ ၅၆)အတွင်း တရားမဝင်ကျွန်း/ ပျဉ်းကတိုး/ ယမနေ/ ကညင်နှင့် သပြေသစ်/ ခွဲသား (၉၈)တန်၊ ထော်လာဂျီ (၆)ဘီးယာဉ်(ခေါင်းဖြူ) သစ်တင်ယာဉ်(၁)စီးကို လည်းကောင်း။
မင်းကင်းမြို့နယ်၊ တဲကြီး(မြောက်)ရွာအနီးမှ တစ်ဝိုက်နေရာများမှ တရားမဝင်အင်ခွဲသား (၁၃)တန်ကိုလည်းကောင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် လုံးရမ်းကြိုးဝိုင်း အကွက်အမှတ်(၁၀)နှင့် စဖျင်ကြိုးဝိုင်း အကွက်အမှတ် (၇)အတွင်း တရားမဝင် ကျွန်းခွဲသား/ခွဲခြမ်း (၁၂)တန်ကို ဖမ်းဆီးရမိခဲ့သည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ငါးသိုင်းချောင်း - ရေနံ့သာ - ဂွ ကားလမ်းအကွက် အမှတ်(၅၁)အတွင်း မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင် တောင်သရက်ခွဲသား (၁၂)တန်နှင့်အတူ တရားခံ(၄)ဦးတို့ကို လည်းကောင်း၊ မဘိမ်းမြို့နယ်၊ အုံဒုတ်ကြိုးဝိုင်း အကွက်အမှတ် (၁၅)အတွင်း မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင် သစ်ယာ/ အင်ကြင်းနှင့် ပျဉ်းကတိုးသစ် (၈)တန်နှင့်အတူ တရားခံ (၄)ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ညီညီသန်း(နေပြည်တော်)


