နေပြည်တော် ၊ ၂၉ ဒီဇင်ဘာ

 

မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မုဒုံမြို့နယ်၊ မှိန်ဂနိမ်းကျေးရွာအနီး၊ မော်လမြိုင်-သံဖြူဇရပ်သွား ကားလမ်းတွင် CHEVROLET COLORADO အမျိုးအစား မော်တော်ယာဉ်ပေါ်မှ PROBOX အမျိုးအစားမော်တော်ယာဉ်ပေါ်သို့ မသင်္ကာဖွယ်အထုပ်များ တင်ဆောင်နေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးရှာဖွေရာ PROBOX မော်တော်ယာဉ်ပေါ်မှ ယာဉ်မောင်း ကျော်မြင့်အောင်နှင့် ချမ်းမွန် တို့အားတွေ့ရှိပြီး မော်တော်ယာဉ် နောက်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၂,၆၀၀၊ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခုနှင့် ၎င်းကျည် ၄ တောင့်တို့ကိုလည်းကောင်း။

 

CHEVROLET COLORADO ယာဉ်ပေါ်မှ ယာဉ်မောင်း ကျော်ဗိုလ်ဗိုလ်၊ မစန္ဒာမော်၊ မဝါ၊ မလေးကြည်နှင့် မညို တို့အားတွေ့ရှိပြီး ကျော်ဗိုလ်ဗိုလ်ထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၇၀၊ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၆ တောင့်နှင့် ကျည်ခါးပတ်အတွင်းမှ ကျည် ၁၂ တောင့်၊ အမ်ကေ-၁၂ အမျိုးအစား သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၄ တောင့်နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာမွေမြို့နယ်၊ တောင်မြင်းပြိုင်ကွင်းလမ်းရှိ၊ ကြေးအိုးဆိုင်ရှေ့တွင် မိုးကျော်မြင့် (ခ)မော်စီတုန်း မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၅၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၅ နာရီက  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ရေစကြိုလမ်း၊ အမှတ် (၂၉၅/က)နေ မခင်မာအေး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ဒီဇင်ဘာ ၂၇ ရက် ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြို့ပတ်လမ်းတွင် မိုးလွင်ဦး မောင်းနှင်ပြီး ကျဟဲ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား