နေပြည်တော် ၂၉ ဒီဇင်ဘာ

 

မြန်မာနိုင်ငံ၏ Doing Business Reform ဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အခမ်းအနားတွင် Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ ခေါင်းဆောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အစိုးရဌာနများ အချင်းချင်းသာမက အစိုးရနှင့် ပုဂ္ဂလိက Public Private Partnership (PPP) ပူးပေါင်းဆောင်ရွက်၍ Ease of Doing Business အဆင့်တိုးတက်ရေးအတွက် ဖြေလျှော့မှုများကို စဉ်းစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုမရှိဘဲ လုပ်ငန်းဆောင်ရွက်နိုင်ရန် Tele Conferencing အပိုင်းနှင့် E-Government အပိုင်းတို့ကို တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်းနှင့် ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ Ease of Doing Business  အဆင့်တိုးတက်ရေးအတွက် ဖွံ့ဖြိုးမှု မိတ်ဖက်များကိုဖိတ်ခေါ်၍ လက်ရှိပြုပြင်ပြောင်းလဲမှုများကို ပိုမိုအရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ ထိုသို့ဆောင်ရွက်မှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်အတွက် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ Ease of Doing Business အဆင့် တိုးတက်ရေးလုပ်ငန်းများ  ဆောင်ရွက်ရာတွင် အများပြည်သူက ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် Awareness ပေးရန် လိုအပ်ကြောင်း။

 

ကမ္ဘာ့ဘဏ်မှထုတ်ပြန်သည့် Ease of Doing Business Report ၂၀၂၀ တွင် မြန်မာနိုင်ငံ အနေဖြင့် Top 20 Improvers တွင် ပါဝင်လာခဲ့ပါကြောင်း၊ အထောက်အကူပြုအဖွဲ့ဝင်များ၏ ပူးပေါင်းဆောင်ရွက်မှု ရလဒ်အနေဖြင့် ယခင် ၂၀၁၉ ခုနှစ် ကမ္ဘာ့ဘဏ်၏ Doing Business အစီရင်ခံစာတွင် အဆင့် ၁၇၁ ရရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် အဆင့် ၁၆၅ သို့ ရောက်ရှိခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်း၊ ရေရှည်တိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားရန် လိုပါကြောင်း၊ ၂၀၂၁ ခုနှစ်အတွက် အပြီးသတ်မည့် ဆန်းစစ်မှုများတွင် ပါဝင်နိုင်မည့် ကာလတို၊ ကာလလတ်နှင့် ကာလရှည် Action Plan များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် အညွှန်းကိန်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ အလားအလာကောင်းများ တွေ့ရှိရပြီး အထောက်အကူပြုအဖွဲ့များအနေဖြင့် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအတွက် Covid-19 Economic Relief Plan-CERP (Covid–19 စီးပွားရေးကုစားမှု အစီအစဉ်) ကို ချမှတ်ထားပြီးဖြစ်ရာ ကိုဗစ်-၁၉ ကြောင့် ကျဆင်းခဲ့သည့် စီးပွားရေးလုပ်ငန်းများကို Myanmar Sustainable Development Plan (MSDP) သို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 

ထို့နောက် တက်ရောက်လာကြသည့် အဖွဲ့ဝင်များက တစ်နှစ်တာအတွင်း Ease of Doing Business အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့များအနေဖြင့် ပြုပြင်ပြောင်းလဲဆောင်ရွက်ခဲ့မှုများကို ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn