နေပြည်တော်၊ ၂၉ ဒီဇင်ဘာ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနရှိ အားကစားကွင်း/ အားကစားရုံများပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းများ၊ (၅)နှစ်တာကာလစီမံချက် ဆောင်ရွက်မှုလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ခံညွှန်ကြားရေးမှူးများ၊ အားကစားကွင်း ကွင်းရုံတာဝန်ခံအင်ဂျင်နီယာများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားဝင်းအတွင်းရှိ အားကစားလေ့ကျင့်ရေးစခန်း(၁)  လယ်ဝေးရှိ အားကစားလေ့ကျင့်ရေးစခန်း(၂)၊ မြင်းစီးအားကစားကွင်း၊ ပီတန်အားကစားကွင်း၊ ဘိလိယက်စနူကာအားကစားကွင်း၊ ငလိုက်ဆည် အားကစားလေ့ကျင့်ရေးစခန်း၊ BXM ၊ အားကစား ကွင်းတာဝန်ခံအင်ဂျင်နီယာများက အားကစားကွင်းများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရန်ကုန်မြို့ရှိ အားကစားကွင်း/ အားကစားရုံများဖြစ်ကြသော အမျိုးသားအားကစားရုံ သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊ သိမ်ဖြူတင်းနစ်အားကစားကွင်း၊ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၊ သိမ်ဖြူဟော်ကီကွင်း၊ အမျိုးသားကြက်တောင်အားကစားရုံ၊ ကျိုက္ကဆံဘတ်စကတ်ဘောရုံ၊ ရန်ကုန်အမျိုးသားရေကူးကန်(ဦးဝိစာရ) အစရှိသော အားကစားကွင်း/ ရုံတာဝန်ခံများက မိမိတို့၏ အားကစားကွင်းရုံ/ အားကစားရုံများ၏ လက်ရှိဆောင်ရွက်နေမှုကိုလည်းကောင်း၊ မန္တလေးမြို့ရှိ မန္တလာသီရီအားကစားကွင်း၊ ဘက်စုံသုံးအားကစားရုံ စက်ဘီးကွင်း၊ ဂေါက်လေ့ကျင့်ရေးကွင်း တာဝန်ခံအင်ဂျင်နီယာများက အားကစားကွင်း/ အားကစားရုံများ လက်ရှိ အသုံးပြုဆောင်ရွက်နေသည့် အခြေအနေကိုလည်းကောင်း၊ ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အားကစားကွင်း/ အားကစားရုံ တာဝန်ခံများက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များမှ အားကစားကွင်း/ အားကစားရုံများ လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်က တစ်နိုင်ငံလုံးရှိ အားကစားကွင်း/ အားကစားရုံများ ပျက်စီးယိုယွင်းနေမှုအား ပြုပြင်ထိန်းသိမ်းရာတွင် ဦးစားပေးလုပ်ငန်းစဉ်များ စီစစ်၍ နှစ်အလိုက်ဘတ်ဂျက် စီစစ်တောင်းခံတင်ပြရန် လိုအပ်ပါကြောင်း၊ အားကစားကွင်းရုံများ ထိန်းသိမ်းရာတွင် နိုင်ငံတကာ အားကစားကွင်း/ အားကစားရုံများ ထိန်သိမ်းဆောင်ရွက်နေမှုများကို လေ့လာပြီး မိမိတို့ မည်သို့လုပ်ဆောင်ရမည်ကို ကြိုးစားဆောင်ရွက်သင့်ပါကြောင်း၊ အားကစားကွင်း/ အားကစားရုံများ ထိန်းသိမ်းရာတွင် နေ့စဉ်စစ်ဆေးမှု၊ ဆောင်ရွက်မှုများ မှတ်တမ်းထားရှိရန်လိုအပ်ပြီး ပျက်စီးမှု တစ်စုံတစ်ရာရှိပါက အချိန်နှင့်တပြေးညီ တင်ပြရန်လို အပ်ပါကြောင်း၊ အမျိုးသားရေကူးကန်တွင် Fitness Center ထားရှိရန် သက်ကယ်သင်တန်းများ ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်တွင် ဆောင်းရာသီအားကစားနည်းများ ရေခဲတောင်အားကစားနည်းများ ကျင်းပရန်  ရေခဲတောင်ဒေသရှိ နေရာများအား ပြည်နယ်အစိုးရကို တင်ပြ၍ သွားရောက်ကြည့်ရှုလေ့လာရန် လိုအပ်ပါကြောင်း။

 

ဧရာဝတီတိုင်းဒေသကြီး ချောင်းသာတွင် သဲ‌သောင်ပြင် အားကစားနည်းများ ကျင်းပရန်အတွက် ကြိုတင်ဖြည်ဆည်းထားရှိရန် လိုအပ်ပါကြောင်း၊  အားကစားကွင်း/ အားကစားရုံ တည်ဆောက်ရာတွင် မြေပိုင်ဆိုင်မူ သေချာအောင်ပြုလုပ်ရန် လိုအပ်ပါကြောင်း၊ အားကစားကွင်း/ရုံ အဆောက်အဦးများ ဆောက်လုပ်ရာတွင်လည်း ဒေသတစ်ခုနှင့် တစ်ခုမတူညီသည့်အတွက် ရာသီဥတုဒဏ်၊ မြေငလျင်ဒဏ်၊ သဘာဝဘေး ကျရောက်နိုင်မှု အခြေအနေများကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် အားကစားကွင်း/ အားကစားရုံအသုံးပြုသူများအတွက် အားကစားလေ့ကျင့်ရာတွင် ဘေးကင်းလုံခြုံမှုရရှိစေရန် အထူးဦးစားပေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တစ်နိုင်ငံလုံး အားကစားကွင်း/ရုံများအား Software စနစ်ဖြင့် ထိန်းချုပ်၍ ထိန်းသိမ်းပြုပြင်မှု လုပ်ငန်းများ ဆောင်ရွက်သင့်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြေဂရမ်ခွင့်ပြုမိန့် ရရှိပြီးစီးပါက ဦးစွာခြံစည်းရိုးကာခြင်း လုပ်ငန်းကို လုပ်ဆောင်ရန် လိုအပ်ပါကြောင်း ထိုမှသာ ကျူးကျော်ကိစ္စများကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ အားကစားကွင်း/ရုံများ စိမ်းလန်းစိုပြေရေးအတွက် အလေးပေးဆောင်ရွက်ကြစေလိုကြောင်း၊ တာဝန်ခံအင်ဂျင်နီယာများ နိုင်ငံတကာတွင် ကျင့်သုံးနေ‌ေသော အားကစားကွင်း/ရုံ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်မှုလုပ်ငန်းများကို လေ့လာရန်လိုအပ်ပါကြောင်း၊ အားကာသိပ္ပံကျောင်းများတွင် ဆေးခန်းနှင့် စမ်းသပ်ခန်း၊ Fitness Center များကို သီးခြားစီထားရှိရန် လိုအပ်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ အားကစားကွင်း/ အားကစားရုံများတွင် ပြည်သူများ အားကစားကို လာရောက် လေ့ကျင့်အသုံးပြုနိုင်စေရန်အတွက် စည်းရုံးဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

သတင်းစဉ်