နေပြည်တော်၊ ၂၉ ဒီဇင်ဘာ
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ ပြန်လည်ထူထောင်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၀)ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြန်လည်ထူထောင်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က အစည်းအဝေးကို ကိုဗစ်ကာလနှင့်ယှဉ်တွဲ၍ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို ကြိုတင်ပြင်ဆင်နိုင်ရန် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို ပြုစုစောင့်ရှောက်၍ အသက်မွေး ဝမ်းကြောင်းသင်တန်းများပေးကာ ပြန်လည်ထူထောင်ပေးမှုများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ချက်များကို မူးယစ်ဗဟိုအဖွဲ့သို့ (၃)လ (၁)ကြိမ် တင်ပြပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနရှိ လူငယ်များ ပြုစုပျိုးထောင်ရေးစခန်းများကို ပြန်လည်ထူထောင်ရေးဦးစီးဌာနက လွှဲပြောင်းရယူပြီး စခန်းအခြေပြု၊ ရပ်ရွာအခြေပြု၊ စခန်းနှင့်ရပ်ရွာအခြေပြု သင်တန်းများ ဖွင့်လှစ်ပေးနေပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ပုဂ္ဂိုလ်၏ လမ်းညွှန်ချက်အရ သင်တန်းကာလတိုးမြှင့်၍ စခန်းအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်းကို ရက်ပေါင်း (၉၀)ကြာ ဖွင့်လှစ်ဆောင်ရွက်နေပါကြောင်း၊ ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်းများကို ရက်ပေါင်း(၄၀)ကြာ ဖွင့်လှစ်ဆောင်ရွက်နေပါကြောင်း။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများ၌ လူ(၃၀)ဦးထက်မပိုစေဘဲ ပြန်လည်ထူထောင်ရေးသင်တန်းများ ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့အဖွဲ့၏ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြန်လည်ထူထောင်ရေး အဖွဲ့၏ လုပ်ငန်းတာဝန် (၁၇)ရပ်အပေါ် ဆန်းစစ်အကောင်အထည်ဖော်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပေါင်းစပ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မူးယစ်ဆေးစွဲသူများအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကြောင်းပညာရပ်များ သင်ကြားပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်း၊ လူမှုဘဝတွင် ပြန်လည်ဝင်ဆံ့စေရန် အစီအမံများ ရေးဆွဲဆောင်ရွက်စေခြင်းတို့ကို စီမံချက်ချမှတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်လည် ထူထောင်ရေးအဖွဲ့တွင် ပါဝင်သောဦးစီးဌာနများအနေဖြင့် အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ လက်ရှိတွင် ဆေးကုသဆဲမူးယစ်ဆေးစွဲသူများကိုလည်း မူးယစ်ဆေးဖြတ်နိုင်အောင် စိတ်ပိုင်းရုပ်ပိုင်း ပြန်လည်ထူထောင်မှု သင်တန်းများ ပေးပါကြောင်း၊ မူးယစ်ပြန်လည်ထူထောင်ရေးသင်တန်းပေးရာတွင် မျိုးဆက်သစ် ဝန်ထမ်းများ မွေးထုတ်ပေးနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပြီး စွမ်းဆောင်ရည်မြှင့်သင်တန်းများကိုလည်း ပြန်လည်ထူထောင် ရေးဦးစီးဌာနအနေဖြင့် တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်မှုခံယူ ပြီးသူများနှင့် မိသားစုများအား ထောက်ပံ့ပေးခြင်းလုပ်ငန်းရပ်ကိုလည်း ဘတ်ဂျက်များတင်ပြ တောင်းခံ၍ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မကြာသေးမီကချမှတ်ခဲ့သော လူငယ့်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်း(၁၆)ရပ်တွင်ပါရှိသော လူငယ်နှင့် မူးယစ်ဆေးနှင့် အခြားသောဘေးဖြစ်စေတတ်သည့် အန္တရာယ်များကဏ္ဍဆိုင်ရာ လုပ်ငန်းရပ်များကိုလည်း ဆက်စပ်ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြေနေရာရရှိမှုပေါ်မူတည်၍ ပြန်လည်ထူထောင်ရေးစခန်းများကို ဘတ်ဂျက်တင်ပြတောင်းခံ တိုးချဲ့ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း၊ စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများကိုလည်း သင်တန်းများဖွင့်လှစ် မွေးထုတ်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အဖွဲ့အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြန်လည်ထူထောင်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀) ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြဆွေးနွေးပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးကြသည်။
အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်


