လွိုင်ကော်၊ ၃၀ ဒီဇင်ဘာ

 

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံလိုအပ်သည့် အချက်များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းကို ဒီဇင်ဘာ ၂၉  ရက် မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ်၊ နောင်ယား (က)ရပ်ကွက်ရှိ GOLD Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ကုမ္ပဏီများ လိုက်နာမည့်အကြောင်းအရာများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်က ကယားပြည်နယ်အတွင်းရှိ ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီများကြီးကြပ်ရေးအဖွဲ့က လာရောက်စိစစ် ကြပ်မတ်ခြင်းမပြုမီ လိုအပ်သည့်အချက်များအား ကြိုတင်ပြင်ဆင်ထားရန်မှာကြားပြီး မှတ်ပုံတင် ရုံးခန်းထားရှိခြင်းနှင့် အမည်အသုံးပြုခြင်း၊ မှတ်ပုံတင်ရုံးခန်းထားရှိခြင်းနှင့် အမည်အသုံးပြုခြင်း (ပြစ်ဒဏ်)၊ ကုမ္ပဏီ မှတ်ပုံတင်များနှင့် မှတ်တမ်းများကို ထိန်းသိမ်းထားခြင်း၊ ကုမ္ပဏီ မှတ်ပုံတင်များနှင့် မှတ်တမ်းများကို ထိန်းသိမ်းထားခြင်း(ပြစ်ဒဏ်)၊ ဘဏ္ဍာရေးဆိုင်ရာ မှတ်တမ်းများနှင့် စာရင်းများကို ထိန်းသိမ်းထားရှိခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ မှတ်တမ်းများနှင့် စာရင်းများကိုထိန်းသိမ်းထားရှိခြင်း (ပြစ်ဒဏ်) စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ထို့နောက် တက်ရောက်လာကြသူများမှ သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူတို့က ပြန်လည် ဖြေကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးမှူးဦးစီးဌာန  ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က  နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

စိုးလှိုင်ဌေး(ပြန်/ဆက်)